တက္ကသိုလ် ရွေးတဲ့အခါ ဘာတွေစဉ်းစားရမလဲ

happy-young-university-students-friends-studying-CQ3SE65-e1564629210411.jpg

တက္ကသိုလ်ဟာ ဘဝတဆစ်ချိုးလို့ တချို့တွေ ပြောကြပါတယ်။ ဒါ .. မှန်သင့်သလောက် မှန်တာပါပဲ။ ကိုယ့်ဘဝရဲ့ အသက်မွေးဝမ်းကျောင်းမှုကို ဆုံးဖြတ်တဲ့အခါ တက်ခဲ့တဲ့ တက္ကသိုလ်တွေက အတိုင်းအတာ တစ်ခုထိ အရေးပါတယ်။ ပြီးတော့ တက္ကသိုလ်မှာ သင်ရတဲ့ စာတွေတင် မကဘူး၊ တက္ကသိုလ်မှာ ကြုံတွေ့ရမယ့် လူတွေ၊ ဖြတ်သန်းရမယ့် အခြေအနေတွေကလည်း ကိုယ့်ရဲ့ အတွေးအမြင်တွေကို ပုံဖော်ပါသေးတယ်။ ဒါကြောင့် တက္ကသိုလ် ရွေးချယ်တဲ့ အခါ ဘာတွေ စဉ်းစားရမယ်ဆိုတဲ့ အရေးကြီး အချက်တွေကို ရိုးရာလေးက မျှဝေလိုက်ရပါတယ်။

ဆယ်တန်းစာမေးပွဲ အမှတ်၊ ကျောင်းစရိတ်

အမှတ်နဲ့ ကျောင်းစရိတ်ကတော့ အထူးပြောစရာမရှိတာမို့ အကျယ်ချဲ့ မပြောတော့ပါဘူး။ တစ်ခု သတင်းကောင်း ပါးချင်တာကကျတော့ ကျောင်းစရိတ် ပညာသင်ဆု ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ရှိနေတာမို့ ကျောင်းစရိတ် အခက်အခဲရှိသူတွေအနေနဲ့ အလွယ်တကူ လက်မလျှော့ဘဲ စုံစမ်းတာမျိုးတွေ အသေအချာ လုပ်စေချင်တာပါ။ ပြီးတော့ ကုမ္ပဏီတွေမှာ အချိန်ပိုင်း အလုပ် လုပ်တာတွေ၊ ဆယ်တန်း ဂိုက်ပြန်သင်တာတွေလည်း လုပ်လို့ ရပါသေးတယ်။ မိသားစု စားဝတ်နေရေးအတွက် မဖြစ်မနေ ငွေရှာဖို့ လိုနေသူတွေအတွက်တော့ ကျောင်းဆက်တက်ဖို့က မလွယ်ကူလှပါဘူး။

ဝါသနာနဲ့ ရည်မှန်းချက်

“ဝါသနာ ပါတာ ဇောက်ချလုပ်၊ အောင်မြင်မှာပဲ” လို့ လူတွေ လွယ်လွယ် ပြောတတ်ကြပေမယ့် တကယ်တမ်းမှာ ထည့်သွင်းစဉ်းစားစရာ အချက်တွေ ရှိပါသေးတယ်။ ကိုယ့်ဝါသနာနောက်ကို အဲဒီလောက်ထိ စိုက်လိုက်မတ်တတ်လုပ်နိုင်ဖို့ ကိုယ့်မှာ လူအင်အား၊ ငွေအင်အား ရှိပါ့မလား၊ ကိုယ့်ဝါသနာက ကိုယ့်ကို ဘယ်လောက်ထိ ပြန် အကျိုးပြုနိုင်ပါ့မလဲဆိုတဲ့ မေးခွန်းတွေကို ကိုယ့်ကိုယ်ကို မညှာတမ်း မေးကြည့်ပါ။ ပြီးတော့ ဒီဘက်ခေတ်ရဲ့ အားသာချက်တစ်ခုက ကိုယ် သင်ယူချင်တာ တော်တော်များများကို တက္ကသိုလ်တက်မှ မဟုတ်ဘဲ အပြင်မှာ၊ အင်တာနက်ပေါ်မှာလည်း သင်ယူလို့ ရနေတာပါ။

ဒီတော့ ကိုယ် ဝါသနာပါတဲ့ ပညာရပ်က တက္ကသိုလ်တက်ဖို့ မဖြစ်မနေ လိုအပ်လားဆိုတာ သေချာအောင် လုပ်ပါ။ အပြင်မှာလည်း တစ်နည်းနည်းနဲ့ သင်ယူလို့ ရတယ်ဆိုရင် အခြေအနေအရ အကောင်းဆုံးအဖြစ်သင့်ဆုံး တက္ကသိုလ်ကို တက်ပြီး ဝါသနာပါရာကို အပြင်မှာ သင်ယူပါ။ တခြားတစ်ဖက်က ဆင်ခြင်ရမယ့် အချက်ကတော့ ကိုယ် ဘယ်လိုမှ ဝါသနာ မပါဘူး၊ မလုပ်ချင်ဘူးလို့ သေချာနေတာတွေကိုတော့ တတ်နိုင်သလောက် ရှောင်ကျဉ်ဖို့ပါ။ မိဘတွေ၊ ဩဇာရှိသူတွေနဲ့ တတ်နိုင်သလောက် ပြေပြေလည်လည် ညှိနှိုင်းပါ။ မဟုတ်ရင် ကိုယ့်အတွက် အချိန်တွေ၊ ကျောင်းစရိတ်တွေ နစ်နာတတ်ပါတယ်။

တက္ကသိုလ်အကြောင်း သေချာသိအောင် လုပ်ပါ

တချို့တက္ကသိုလ်တွေက အသက်မွေးဝမ်းကျောင်းဆိုင်ရာတွေပါ သင်ကြားပေးတာမို့ အလုပ်လမ်းကြောင်းနဲ့ တိုက်ရိုက် ချိတ်ဆက်ပေးနိုင်ပါတယ်။ တချို့ တက္ကသိုလ်တွေကတော့ အဲဒီလို မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ် ကျောင်းပြီးရင် လုပ်မယ့် အလုပ်နဲ့ တက္ကသိုလ်က ပေးမယ့် ဘွဲ့/လက်မှတ်တွေဟာ ဘယ်လောက်အထိ ဆီလျော်မှု ရှိသလဲဆိုတာ သေချာ လေ့လာပါ။ ကျောင်းပြီးတဲ့ အခါ ဘွဲ့လွန်ပညာတွေ ဆက်လက်သင်ယူဖို့ အစီအစဉ်တွေ ရှိတယ်ဆိုရင် ကိုယ့်ကျောင်းက ပညာရပ်တွေ၊ လက်မှတ်တွေကို ကိုယ်ဆက်တက်မယ့် ကျောင်းတွေက ဘယ်လောက်အထိ အသိအမှတ်ပြုတယ်ဆိုတာ စုံစမ်းပါ။ တချို့ကျောင်းတွေမှာတော့ ဘယ်နှစ်မှာ ဘာတွေ သင်ရမယ်ဆိုတဲ့ သင်ရိုးညွှန်းတမ်းတွေကို ထုတ်ပြန်ထားတာတွေ ရှိတတ်ပါတယ်။ မရှိရင်လည်း ကိုယ်တက်ချင်တဲ့ တက္ကသိုလ် တက်ခဲ့သူတွေ၊ တက်နေသူတွေဆီမှာ မေးမြန်းပြီး အကြံဉာဏ်ရယူပါ။ လိုအပ်တဲ့ အချက်တွေ ရှိရင်လည်း ပြင်ဆင်ထားပါ။

မြင်ကွင်းကို ချဲ့ထွင်ပါ

ဆယ်တန်းစာမေးပွဲပြီးပြီး တက္ကသိုလ် မတက်ရသေးခင် အားလပ်ချိန်ဆိုတာ ဘဝမှာ နောက်တစ်ချိန် ပြန်မရနိုင်တတ်တဲ့ အားလပ်ချိန်မျိုးပါ။ လူငယ် ဆယ်ကျော်သက်ဘဝနဲ့ လူကြီးဘဝကြားက စပ်ကူးမတ်ကူးနေရာလေးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ ကိုယ့်ကိုယ်ကို အကြောင်း၊ ပတ်ဝန်းကျင် ကမ္ဘာကြီးအကြောင်း ပိုသိရအောင် လေ့လာပါ။ အင်္ဂလိပ်စာစတဲ့ ဘာသာစကားတွေ သင်ယူပါ၊ အခြေခံ ကွန်ပျူတာ ဖြစ်တဲ့ Microsoft word၊ excel၊ power point တွေ Email တွေလည်း သုံးတတ်အောင် လေ့လာသင့်ပါတယ်။

ပြီးတော့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေအတွက်လည်း အချိန်ပေးပါ။ ပရဟိတ စိတ်ဝင်စားသူတွေအနေနဲ့လည်း အသင်းအဖွဲ့တွေမှာ ပါဝင်ပြီး လုပ်ကိုင်သင့်ပါတယ်။ ခေါင်းဆောင်မှု၊ အများနဲ့ စုပေါင်းလုပ်ကိုင်မှု၊ လူရှေ့သူရှေ့ စကားပြောဆိုရဲမှုဆိုတဲ့ အရည်အချင်းတွေကို အဲဒီ အသင်းအဖွဲ့တွေ၊ သင်တန်းကျောင်းတွေမှာ ပါဝင်လုပ်ကိုင်ရင်း ကျွမ်းကျင်လာအောင် လေ့ကျင့်ယူနိုင်ပါတယ်။ ဒီလိုမျိုး ကိုယ့် မြင်ကွင်း၊ ကိုယ့် အရည်အချင်းတွေကို ချဲ့ထွင်ခြင်းအားဖြင့် တက္ကသိုလ်တက်ဖို့ စောင့်ဆိုင်းနေတဲ့အချိန်ကို အကောင်းဆုံး အသုံးချနိုင်ပါတယ်။

ကဲ … ရိုးရာလေး မိတ်ဆွေတို့ရော ကိုယ်ပိုင် အတွေ့အကြုံတွေ၊ လိုအပ်နေတဲ့ လမ်းညွှန်ချက်တွေကို ဖြည့်စွက်ပေးခဲ့ပါဦး။ ပြီးရင် ဒီအချက်တွေကိုလည်း တက္ကသိုလ်တက်တော့မယ့် မောင်ညီမလေးတွေ၊ တူ တူမလေးတွေ၊ သားသမီးတွေဆီ မျှဝေပေးလိုက်ပါဦးနော်။

စည်သူ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top