ပေါ်ပင်တွေရဲ့ အားသာချက်

8-7-2020-yyl-030.jpg

ပေါ်ပင်ဆိုတဲ့ စကားလုံးက လူတော်တော်များများ နားရည်ဝပြီးသားပါ။ ဒါက အသံထွက်ယူပြီး မွေးစားထားတဲ့စကားလုံးဖြစ်ပါတယ်။ မြန်မာစကားလုံးတော့ မဟုတ်ဘဲ popping ဆိုတဲ့ အင်္ဂလိပ်စကားလုံးက လာတာပါ။ ဂတ်စ်ပါတဲ့ အရည်ထဲမှာ လေပူဖောင်းလေးတွေ ဖြစ်လာလိုက်၊ ပေါက်သွားလိုက်ဆိုတဲ့ အခြေအနေမျိုးက popping ပါပဲ။ ဆိုလိုရင်းကတော့ ဖြစ်လွယ်၊ ပျက်လွယ်ဆိုတဲ့ သဘောပါ။ ခေတ်စားနေတဲ့ ကိစ္စတစ်ခု လိုက်လုပ်သူတွေကို ” ပေါ်ပင်တွေပါကွာ”လို့ ပြောတတ်ကြပါတယ်။ ” ပေါ်ပင် မလုပ်နဲ့”၊ ”မင်းပုံစံက ပေါ်ပင်ဆန်လွန်းတယ်” ဒီစကားလုံးတွေကြားမှာ ပေါ်ပင်ဆိုတာ မကောင်းတဲ့ အရိပ်အငွေ့တွေ လွှမ်းမိုးနေသလိုပါပဲ။

တကယ်တော့ ပေါ်ပင်လုပ်တာလည်း လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်က ခေတ် (လူမှုကွန်ရက်)ကို မျက်ခြေပြတ်နေမယ်၊ စောင့်ကြည့်ဖို့လည်း အချိန်မပေးနိုင်ဘူးဆိုရင် ”စကားလုံး တစ်လုံး၊ ဖက်ရှင်တစ်ခု၊ ဖြစ်ရပ်တစ်ခုခု”ကို မသိနိုင်ပါဘူး။ မသိဘူးဆိုမှတော့ ပေါ်ပင်လုပ်ဖို့လည်း ဝေးသွားပါပြီ။ ပေါ်ပင်တွေရဲ့ အားသာချက်ကတော့ ခေတ်နဲ့ မျက်ခြေမပြတ်ရှိနေတာပါ။ ခေတ်နဲ့ မျက်ခြေမပြတ်ဘူးဆိုရင် ဘာတွေ ပြောင်းလဲနေလဲ၊ ဘာတွေ တိုးတက်နေလဲ၊ ဘာတွေ ဆုတ်ယုတ်နေလဲဆိုတာ ရိပ်စားမိနိုင်ခြေ များပါတယ်။ ဒါဆိုရင် ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင်အပေါ် သုံးသပ်တဲ့နေရာမှာ ချင့်ချိန်ကြည့်လို့ ရနိုင်ပါတယ်။

ဥပမာတစ်ခု ပေးရရင် လူမှုကွန်ရက် ရေပန်းစားလာပြီး ဒီဂျစ်တယ်မားကတ်တင်းကို ကြော်ငြာတွေကရတဲ့ ဝင်ငွေတွေ စီးဆင်းနေတဲ့ လက်ရှိခေတ်ကာလ အခြေအနေမျိုးမှာ လူမှုကွန်ရက်နဲ့ အလုပ်လုပ်နေသူတွေအတွက်တော့ ကိုယ့်ထုတ်ကုန်တစ်ခု၊ ကိုယ့်ဖန်တီးမှုတစ်ခု၊ ကိုယ့်ကြော်ငြာတစ်ခုကို လူတွေအာရုံစိုက်မိအောင် ပေါ်ပင်ဖြစ်နေတဲ့ စကားလုံး၊ အကြောင်းအရာနဲ့ ဆွဲကပ်တာမျိုးတောင် လုပ်ကြရပါတယ်။ ဒီလိုအနေအထားမှာ ပေါ်ပင်ဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့၊ လုပ်ကောင်းတဲ့ အရာတစ်ခုလို့ ဆိုရမှာပါ။

ဒါပေမဲ့ ပေါ်ပင်လုပ်တိုင်းလည်း ကောင်းတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်ဘဝရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို လျစ်လျူရှုထားပြီး ပေါ်ပင်လုပ်ချင်တာတစ်ခုတည်းနဲ့ လူမှုကွန်ရက်ကို မျက်ခြေမပြတ် စောင့်ကြည့်နေတာမျိုးကျပြန်တော့လည်း လူကြီးမိဘတွေ အမြင်စောင်းချင်စရာပါ။ အချိန်နဲ့ ငွေလည်း ဖြုန်းတီးရာရောက်နေမှာပါ။ တကယ်တော့ ကိစ္စတော်တော်များများမှာ အကောင်း၊ အဆိုးဆိုတာ လည်ပင်းဖက်ပေါင်းနေတဲ့ သူငယ်ချင်းတွေလို တပူးပူး၊ တတွဲတွဲ ရှိနေတတ်တာ များပါတယ်။ ကိုယ်ကိုယ်တိုင်က ဆင်ခြင်ပိုင်းခြား ဆုံးဖြတ်နိုင်စွမ်းရှိဖို့က အရေးကြီးဆုံးပါပဲ။ ဒါဆိုရင် လူတွေရဲ့ ထင်မြင်ယူဆချက်တွေကြောင့် ကိုယ့်အမြင်ကို ထုတ်မပြောရဲတဲ့ တွန့်ဆုတ်နေရတာတွေ ကင်းဝေးသွားမှာ ဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top