မက်ဒေါ်နယ်ဆိုင်ရဲ့ဟမ်ဘာဂါကို မစားရမနေနိုင်အောင် စွဲလမ်းခဲ့တဲ့အမျိုးသား

8.9-2022-yyl-02.jpg

စာရေးဆရာ ဒွန် ဂေါ်စကီဆိုသူက မက်ဒေါ်နယ်ဆိုင်ရဲ့ Big Mac ဟမ်ဘာဂါကို မစားရမနေနိုင်အောင် စွဲလမ်းခဲ့တာပါ။ Big Mac ဟမ်ဘာဂါစားတာက သူ့ဘဝရဲ့အလေ့အထတစ်ခုလိုဖြစ်ခဲ့ပါတယ်။ သူ့သက်တမ်းတစ်လျှောက်မှာ မက်ဒေါ်နယ်ရဲ့ဟမ်ဘာဂါ အခု (၃၂၀၀၀) စားပြီးသွားခဲ့ပါပြီ။ စားခဲ့တဲ့အရေအတွက် များတာကြောင့် သူဟာ ကမ္ဘာဂင်းနစ်စံချိန်မှတ်တမ်းလည်း ရရှိထားပါတယ်။ အခုဆို မက်ဒေါ်နယ်ဟမ်ဘာဂါကို စားတဲ့အလေ့အထက နှစ် (၅၀) ကျော်သွားခဲ့ပါပြီ။

သူ့ရဲ့မွေးရပ်မြေ ဖွန်းဒူးလတ်စ်မြို့က မက်ဒေါ်နယ်စားသောက်ဆိုင်ကို သွားခဲ့အချိန် ၁၉၇၂ ခုနှစ် မေလ ၁၇ ရက်နေ့မှာ Big Mac ဟမ်ဘာဂါကို စပြီး နှစ်သက်သွားခဲ့တာပါ။ ကားအသစ်တစ်စီးရပြီးနောက် ပထမဆုံးသွားခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ မက်ဒေါ်နယ်ဆိုင်ကို ရောက်တဲ့အချိန်မှာ ဒွန်က နေ့လည်စာအတွက် Big Mac ဟမ်ဘာဂါကို မှာစားခဲ့ပြီး အရမ်းနှစ်သက်သွားခဲ့တာပါ။ အဲဒီနေ့မှာပဲ နောက်ထပ် (၂) ခေါက် ပြန်လာပြီး ဟမ်ဘာဂါ (၆) ခုလောက် ထပ်စားခဲ့ပါတယ်။

ဒွန်က သူ ဝယ်စားတိုင်း ရတဲ့ ပြေစာတွေကို သိမ်းထားပါတယ်။ သူက မွေးနေ့ရောက်ရင်လည်း မက်ဒေါ်နယ်ရဲ့ Big Macs ဟမ်ဘာဂါကို စားတယ်။ အခါကြီးရက်ကြီးတွေဆိုရင်လည်း အဲဒါပဲ စားလေ့ရှိပါတယ်။ သူ့မွေးနေ့တွေမှာ ကိတ်မုန့်အစား Big Mac ဟမ်ဘာဂါပေါ်မှာ ဖယောင်းတိုင်ထွန်းပြီး ကျင်းပပါတယ်။
ဒွန်က သူ့ဇနီးဖြစ်သူ မယ်ရီကို လက်ထပ်ခွင့်တောင်းတုန်းကလည်း မက်ဒေါ်နယ်ဆိုင်မှာပါပဲ။ သူ့ကို စိတ်ရှည်သည်းခံပြီး မယ်ရီ နေပေးခဲ့တဲ့အတွက် ဝမ်းသာမိတယ်လို့ ဒွန်က ပြောပါတယ်။ သူတို့နှစ်ဦးစတွေ့တဲ့အချိန်က သူ Big Mac ဟမ်ဘာဂါစွဲလမ်းတဲ့အကြောင်း မယ်ရီကို မပြောပြခဲ့ပါဘူး။ မယ်ရီက ဒွန်ရဲ့ဟမ်ဘာဂါစွဲလမ်းတာကို မသိဘဲ ကြိုက်လို့စားတယ်ပဲ ထင်ခဲ့တာပါ။ တစ်ခါတလေ မယ်ရီက သူ့အတွက် Big Mac ဟမ်ဘာဂါကို ဝယ်လာပေးခဲ့ပါတယ်။

တစ်နေ့ကို ဟမ်ဘာဂါ (၂) ခု စားပေမဲ့ ဒွန်က အံ့ဩစရာကောင်းလောက်အောင် ကျန်းမာရေးကောင်းမွန်ပါတယ်။ သူက နေ့တိုင်း ဟမ်ဘာဂါစားပေမဲ့ သတ်မှတ်ထားတဲ့ ပမာဏထက်ပိုပြီး အများကြီးမစားပါဘူး။

ဒွန်က မယ်ဒေါ်နယ်ရဲ့ Big Mac ကို ကမ္ဘာ့အကောင်းဆုံးဟမ်ဘာဂါအဖြစ် သတ်မှတ်ထားတာပါ။ ဟမ်ဘာဂါကို ပထမတစ်ကိုက်စားလိုက်တဲ့အချိန်ကစပြီး သူ့ဘဝတစ်လျှောက်လုံး စားတော့မယ်လို့ တွေးဖြစ်ခဲ့ပါတယ်။ မက်ဒေါ်နယ်အသိုင်းအဝိုင်းမှာတော့ ဒွန်က ကျော်ကြားသူတစ်ဦးပါ။ သူ့ရပ်ကွက်ထဲက သူတွေဆိုရင် သူ့ရဲ့ပုံတူပန်းချီကားကို နံရံမှာတောင် ချိတ်ဆွဲထားကြပါတယ်။ ဒွန်ဟာ Big Mac ဟမ်ဘာဂါစားခြင်း နှစ် (၅၀) ပြည့်မြောက်တဲ့အချိန်က သီးသန့်ပွဲတစ်ခုကိုလည်း ကျင်းပခဲ့ပါသေးတယ်။

Ref: Ladbible “McDonald’s superfan who has eaten 32,000 Big Macs proposed to his wife in McDonald’s”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top