တောလိုက်မုဆိုးအဖြစ်နဲ့ သမီးလေးငါးယောက်ကို ဝမ်းစာရှာဖွေ ကျွေးမွေးစောင့်ရှောက်ပေးနေတဲ့မိခင်

62558267_468939527196126_7262907349575139328_n.jpg

မိခင်မေတ္တာရဲ့အတိုင်းအဆမဲ့ပုံကတော့ ထပ်ပြီးအမွှမ်းတင်စရာမလိုတဲ့ အခြေအနေတစ်ခုပါ။ နယူးဇီလန်နိုင်ငံ၊ ဂစ်ဇ်ဘွန်းမြို့က သမီးမိန်းကလေးငါးယောက်ရဲ့မိခင်ဖြစ်သူ တအီမရမ်မာကီနန် (Tui Marama Keenan) ဟာ အသက် (၄၀) အရွယ်မှာ ကျန်းမာရေးက ဒေါင်ဒေါင်မြည်တဲ့အပြင် ကလေးငါးယောက်ကိုလည်း အမဲလိုက်ထွက်ပြီး ကျွေးမွေးစောင့်ရှောက်နေသူဖြစ်ပါတယ်။

သူဟာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့ ရှစ်နှစ်ကြာ တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဇွန်ဘားအကပညာရှင်လည်းဖြစ်သလို မြို့ကြီးပြကြီးမှာ ကြီးပြင်းနေထိုင်ခဲ့သူပါ။ သောကြာနေ့ ညမှောင်ရီပျိုးစ အချိန်မှာတော့ သူက တောလိုက်မုဆိုးတစ်ဦးအဖြစ် အသွင်ပြောင်းသွားပြီး သူ့ရဲ့ခင်ပွန်းနဲ့အတူ တောပစ်ထွက်ပါတော့တယ်။

ကျည်ဆံတစ်တောင့်အတွက် နှစ်ဒေါ်လာသာ ရင်းနှီးရပြီး သမင်၊ ဝက်၊ ဆိတ်၊ ကျောက်ပုစွန် စသဖြင့် အမဲလိုက်ပြီးရရှိလာတဲ့ သားငါးတွေနဲ့အတူ မိသားစုဝမ်းစာအတွက် တစ်ပတ်စာ ရိက္ခာလုံလောက်စေတဲ့အပြင် အသားငါးဈေးကြီးလှတဲ့ နယူးဇီလန်နိုင်ငံမှာ မိသားစုရဲ့တစ်ပတ်စာအတွက် ဒေါ်လာ (၆၀၀) အထိ ငွေကြေးကုန်ကျ သက်သာစေတာပါ။ ဒါဟာ သူတို့မိသားစုအတွက် တစ်နှစ်တာအတွင်း ဒေါ်လာ (၁၆၀၀၀) အထိ ကုန်ကျစရိတ် သက်သာသွားစေတာပဲ ဖြစ်ပါတယ်။

“နယူးဇီလန်မှာ အသားကိုဝယ်စားမယ်ဆိုလို့ကတော့ ဈေးတွေက ခေါင်ခိုက်နေတာပါပဲ။ အမဲလိုက်သာ မထွက်ဘူးဆိုရင် ကျွန်မ ဘယ်လောက်တောင် ပိုက်ဆံကုန်လိုက်မလဲ မစဉ်းစားရဲဘူး။ ရလာတဲ့အသားတချို့ကိုလည်း ဆွေမျိုးတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီ မျှဝေပေးပြီး အသီးအရွက်၊ ပျားရည်၊ အစေ့အဆံတွေနဲ့ လဲလှယ်ဖြစ်ပါတယ် ”

“အမျိုးသမီးတွေကို စိတ်ခွန်အားပေးချင်ပါတယ်။ သူတို့ဟာ အမဲလိုက်နိုင်စွမ်းရှိသလို ကျွန်မအတွက်လည်း အမဲလိုက်ထွက်ရတာက အသစ်အဆန်းကိစ္စတစ်ခု ဖြစ်ခဲ့တာအမှန်ပါ။ ကိုယ့်ဝမ်းစာ ကိုယ်ရှာဖွေဖို့ ကိုယ်တိုင်အမဲပစ်ထွက်နိုင်တဲ့ ဒီလိုတိုင်းပြည်မှာနေထိုင်ရတာကိုပဲ ကျွန်မကျေးဇူးတင်ရပါတယ် ” လို့ မိခင်ကြီးက ပြောပြသွားခဲ့ပါတယ်။

Ref: Dailymail “Meet the super mum of five who saves $16,000 annually by HUNTING for her family’s dinner – with just one deer providing $600 worth of food ”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top