METRO Wholesale မြန်မာသည် ဒေသတွင်း ပထမဆုံး EDGE အသိအမှတ်ပြု လုပ်ငန်းတစ်ခုဖြစ်လာ

METRO-State-of-the-art-warehouse-now-EDGE-Certified.jpeg

METRO Wholesale မြန်မာ လီမိတက်အား သံလျင်မြို့ သီလဝါအထူးစီးပွားရေးဇုန်ရှိ ၎င်း၏ ကုန်လှောင်ရုံအတွက် IFC ၏ (ပိုမိုထိရောက်သော စွမ်းအင်ချွေတာရေး ဒီဇိုင်းအပိုင်းတွင် ထူးခြားကောင်းမွန်မှု – Excellence in Design for Greater Efficiencies) EDGE အသိအမှတ်ပြုလက်မှတ် အပ်နှင်းလိုက်ပြီး ယင်းမှာ မြန်မာနိုင်ငံတွင် ပထမဆုံး သဘာဝပတ်ဝန်းကျင်အကျိုးပြု အဆောက်အအုံလက်မှတ်ဖြစ်သည်။ ထိုအသိအမှတ်ပြု လက်မှတ်ကို နိုင်ငံတကာ ရေရှည်တည်တံ့ရေး ဝန်ဆောင်မှုများနှင့် ဆော့ဖ်ဝဲလုပ်ငန်း ဦးဆောင်အဖွဲ့တစ်ခုဖြစ်သော SGS-thinkstep က အပ်နှင်းခဲ့သည်။

METRO Wholesale မြန်မာ သည် ၎င်း၏ ဒီဇိုင်းပိုင်းတွင် စွမ်းအင်ချွေတာရေး လေအေးပေးစက်စနစ်၊ အပူကာစနစ်၊ စီးဆင်းမှုနည်းပါးသော ရေပိုက်တပ်ဆင်မှုများနှင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်ဖက်သော ဆောက်လုပ်ရေးပစ္စည်းများ ပါဝင်သည့်ကုန်ကျစရိတ်ထိရောက်သော သဘာဝပတ်ဝန်းကျင်အကျိုးပြု အဆောက်အအုံ ပုံစံများကို ထည့်သွင်းခဲ့သည်။ ယင်းအဆောက်အအုံသည် စွမ်းအင်ချွေတာမှု ၃၄ ရာခိုင်နှုန်း၊ ရေချွေတာမှု ၃၇ ရာခိုင်နှုန်းနှင့် ကုန်ပစ္စည်းထုတ်လုပ်ရန် အသုံးပြုသည့်စွမ်းအင် ၆၆ ရာခိုင်နှုန်းချွေတာမှုရှိမည်ဟု ခန့်မှန်းရသည်။ ရေမီးကုန်ကျစရိတ်များ လျှော့ချပေးသည့်အပြင် EDGE အသိအမှတ်ပြုလက်မှတ်သည် METRO မြန်မာအား စျေးကွက်အတွင်း သဘာဝပတ်ဝန်းကျင်အကျိုးပြုရေး စံနှုန်းများ မြှင့်တင်မှု၌ ဦးဆောင်နေရာကို ရရှိရန် အထောက်အကူပြုပေလိမ့်မည်။

“METRO Wholesale မြန်မာဟာ ရန်ကုန်မှာရှိတဲ့ သူတို့ရဲ့ ကုန်လှောင်ရုံကို အသိအမှတ်ပြုခံ သဘာဝပတ်ဝန်းကျင်အကျိုးပြုဖြစ်အောင် လုပ်ရင်း မြန်မာနိုင်ငံမှာ ယှဉ်ပြိုင်နိုင်စွမ်းတိုးလာပြီး စားသောက်ကုန်ဖြန့်ချိရေးကို အထောက်အပံ့ပေးနေပါတယ်“ ဟုမြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံဆိုင်ရာ IFC ၏ ဌာနေ မန်နေဂျာ Jane Xu က ပြောကြားသည်။ “IFC ရဲ့ ဝန်ဆောင်ရယူသူတစ်ဦးဖြစ်တဲ့ ဒီကုမ္ပဏီဟာ စံနမူနာတစ်ခုအနေနဲ့ ဦးဆောင်နေပြီး ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေကို လျှော့ချရင်း ဒေသတွင်းမှာ ရှိတဲ့အခြားသူတွေကို ငွေကြေးချွေတာဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။“

ယခုအချိန်ထိ IFC သည် ကမ္ဘာအနှံ့ သဘာဝပတ်ဝန်းကျင်အကျိုးပြု အဆောက်အအုံများတွင် ဒေါ်လာ ၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားသည်။ METRO Wholesale မြန်မာသည် ဤကဏ္ဍတွင် စွမ်းအင်ရင်းမြစ်ချွေတာရေး အဆောက်အအုံ စံနှုန်းများကိုလက်ခံကျင့်သုံးသည့် ပထမဆုံးကုမ္ပဏီတစ်ခုဖြစ်သည်။ အဆိုပါကုမ္ပဏီသည် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ အကျွေးအမွေးဝန်ဆောင်မှုလုပ်ငန်းများ၊ သီးခြား လက်ကားလုပ်ငန်းငယ်များနှင့် ရုံးများအတွက် တစ်နေရာတည်းရနိုင်သော လက်ကားအစားအသောက် ဝန်ဆောင်မှု ဖြန့်ချီရေးများ ဆောင်ရွက်ပေးသည်။

IFC ၏ ဆန်းသစ်ဖန်တီးမှုဖြစ်သော EDGE သည် အဆောက်အအုံဆောက်လုပ်သူများအား လျှင်မြန်၊ လွယ်ကူ၊ သက်သာသည့်နည်းလမ်းဖြင့် သဘာဝပတ်ဝန်းကျင်အကျိုးပြု ဆောက်လုပ်ရေးနှင့် အမှတ်တံဆိပ်ရရှိရေးကို အထောက်အကူပြုပေးသည်။EDGE သည် နိုင်ငံပေါင်း ၁၇၀ ကျော်အတွက် အွန်လိုင်းစင်္ကြန်တစ်ခုဖြစ်ပြီး သဘာဝပတ်ဝန်းကျင်အကျိုးပြု အဆောက်အအုံစံနှုန်းတစ်ခုဖြစ်ကာ အသိအမှတ်ပြုလက်မှတ်ပေးသည့် စနစ်တစ်ခုဖြစ်သည်။ ယခုအချိန်ထိ ကမ္ဘာအနှံမှ EDGE အသိအမှတ်ပြုစီးပွားရေးနှင့် လူနေထိုင်ရာ စီမံကိန်းများက နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် ၂၃၀,၀၀၀ တန်ခန့် လေထုအတွင်းသို့ ဝင်မလာအောင်တားဆီးပေးထားသည်။

EDGE အသိအမှတ်ပြုမှုအတွက် စံနှုန်းဖြစ်သော စွမ်းအင်၊ ရေနှင့် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်ရာတွင် အသုံးပြုသည့်စွမ်းအင် ၂၀ ရာခိုင်နှုန်းထိ လျှော့ချပေးသည့် နည်းလမ်းများကို အားပေးသော အခမဲ့ ဆော့ဖ်ဝဲဖြင့် EDGE ကို ပံ့ပိုးထားသည်။ ဤနိုင်ငံတကာ စီမံကိန်းကို ဩစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ESMAP၊ အီးယူ၊ ဖင်လန်၊ GEF၊ ဟန်ဂေရီ၊ ဂျပန်၊ ဆစ်ဇာလန်နှင့် ယူနိုက်တက်ကင်းဒမ်းတို့က ပံ့ပိုးပေးသည်။

Team ( ရိုးရာ​လေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top