အလည်အပတ်လာသူတွေကို ဆဲဆိုတဲ့ ကြက်တူရွေးတွေကို ဥယျာဉ်ကနေ ယာယီဖယ်ရှားထားရ

6-10-2020-yyl-002.jpg

ဗြိတိန်နိုင်ငံက တောရိုင်းတိရစ္ဆာန်ဥယျာဉ်တစ်ခုဟာ အလည်အပတ်လာသူတွေကို ဆဲဆိုခဲ့တဲ့ ကြက်တူရွေး ၅ ကောင်ကို လူမြင်ကွင်းကနေ ဖယ်ရှားပစ်ခဲ့ပါတယ်။ အင်္ဂလန်အရှေ့ပိုင်း Lincolnshire Wildlife Park မှာ လှူဒါန်းလို့ရောက်လာခဲ့တဲ့ အဲဒီကြက်တူရွေးတွေက အလည်ပတ်လာသူတွေနဲ့ ဝန်ထမ်းတွေကို ဆဲနည်းပေါင်းစုံနဲ့ ဆဲရေးတိုင်းထွာခဲ့ကြတာပါ။ “ဆဲဆိုတာကလည်း ဒုံးပျံလို တရစပ်ပါပဲ။ သူတို့တွေအားလုံး ဆဲဆိုနေကြတာပါ။ ကျွန်တော်တို့ ကလေးတွေနဲ့ပတ်သက်ပြီး နည်းနည်းတော့ စိတ်မအေးစရာဖြစ်ရတယ်။ ကျွန်တော်ဖြတ်သွားတိုင်းအချိန်တိုင်း ဆဲဆိုခံရပါတယ်”လို့ အမှုဆောင်အရာရှိချုပ် စတီဗ် နီကိုစ်က ပြောပါတယ်။

ဥယျာဉ်က အဲရစ်၊ ဂျိတ်၊ အယ်လီ၊ တိုင်ဆန်၊ ဘီလီအမည်ရတဲ့ အာဖရိကမီးခိုရောင်ကြက်တူရွေးတွေကို တစ်ပတ်အတွင်းမှာပဲ သူတို့ရဲ့သက်ဆိုင်ရှင်ပိုင်ရှင်တွေဆီကနေ ရလာခဲ့တာပါ။ သူတို့ကို ဥယျာဉ်မှာ မပြသခင်မှာ Quarantine Facility တောင် ထားခဲ့ကြပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေဟာ ကြက်တူရွေးတွေက ဒေါသထွက်တဲ့ဗီဇရှိတယ်ဆိုတာ ချက်ချင်း သတိပြုမိခဲ့ကြပါတယ်။ “သူတို့တွေက ဥယျာဉ်ကို ရောက်လာတဲ့အချိန်ကာလနည်းငယ်အတွင်းမှာပဲ အချင်းချင်းဆဲဆိုနေကြပါတယ်။ “Fucking off” ကတော့ အကြားရဆုံးပါပဲ။ ဒါက သူတို့သင်ယူလို့ရတဲ့ အလွယ်ကူဆုံးအရာပါပဲ။ ဒါပေမဲ့ ဒီကြက်တူရွေးတွေက မင်းတို့ တွေးနိုင်တဲ့အရာမှန်သမျှကို ပြောပါလိမ့်မယ်”လို့ နီကိုစ်က ဆိုပါတယ်။

အလည်အပတ်လာသူအများစုဟာ ကြက်တူရွေးတွေ ဆဲဆိုတော့ ဟာသအနေနဲ့မြင်ပြီး ရယ်မောပျော်ရွင်ကြရပါတယ်။ ဒါပေမဲ့ ကလေးငယ်တွေအတွက် မသင့်တော်တဲ့အတွက် ကြက်တူရွေးတွေကို ခွဲပစ်ပြီး ဥယျာဉ်ကနေ ယာယီဖယ်ရှားပစ်စေခဲ့ပါတယ်။ အခုဆိုရင် ကြက်တူရွေးတွေရဲ့ဘာသာစကားက သူတို့အချင်းချင်းကို ခွဲထားလိုက်တဲ့အတွက် လူတွေနဲ့ပိုပြီး ရင်းနှီးတဲ့ဘာသာစကားဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်။ ကြက်တူရွေးပိုင်ရှင်တွေက သူတို့တွေ နေရာကျယ်ကျယ်ဝန်းဝန်းနေလို့ရမယ့် ဥယျာဉ်တွေကို လှူဒါန်းပစ်ခဲ့ကြတာပါ။ ကပ်ရောဂါအတွင်းမှာ အဲဒီလိုလှူဒါန်းမှုတွေများလာခဲ့ပါတယ်။

အာဖရိမီးခိုရောင်ကြက်တူရွေးတွေက ကြက်တူရွေးမျိုးစိတ်တွေထဲမှာ လူကြိက်အများဆုံးဖြစ်ပါတယ်။ ကြက်တူရွေးအပါအဝင် ငှက် (၁.၁) သန်းဝန်းကျင်ကို ၂၀၁၉ခုနှစ်က UK မှာ အိမ်မွေးတိရစ္ဆာန်အနေနဲ့ မွေးမြူထားကြတယ်လို့ သိရပါတယ်။

Ref: CNN “Parrots in wildlife park moved after swearing at visitors”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top