အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့အစီရင်ခံစာကို ကန့်ကွက်ဆန္ဒပြ

67830977_1558343397641714_2522517744155361280_n.jpg

လူ့အခွင့်အရေးကောင်စီကဖွဲ့စည်းထားတဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ ထုတ်ပြန်ချက်အစီရင်ခံစာများအပေါ် ကန့်ကွက်တဲ့အနေနဲ့ သြဂုတ် (၁၀) ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဲဒီဆန္ဒထုတ်ဖော်ပွဲမှာ အချက်အလက်ရှာဖွေရေးမစ်ရှင်ဖျက်သိမ်းပေးရေး၊ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဘက်လိုက်မှုများ အားဆန့်ကျင်ရေးအပါအဝင် အချက် (၅ ချက်ကို ကြွေးကြော်ခဲ့ကြတဲ့အပြင် အချက်အလက် ရှာဖွေရေးမစ်ရှင်အား မြန်မာနိုင်ငံအတွင်းဝင်ရောက်ခွင့်မပြုရေးကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

”အခုလို ဆန္ဒထုတ်ဖော်လိုက်တဲ့အတွက် အစိုးရကလည်း ပြည်သူတွေရဲ့ သဘောထားကိုကြားသိမယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်ကိုလည်း ထောက်ခံပြီးဖြစ်သွားမယ်။ မစ်ရှင်အနေနဲ့လည်း ပြည်သူတွေ လက်မခံဘူးဆိုတာကို သိသွားကြမယ်”လို့ ဆန္ဒထုတ်ဖော်ပွဲမှာ လာရောက်ပူးပေါင်းပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။

အခုဆန္ဒထုတ်ဖော်ပွဲကို မြန်မာ့အမျိုးသားရေးတက်ကြွသူတွေ၊ မျိုးချစ်တွေနဲ့ စိတ်ပါဝင်စားသူတွေက အဓိက ဦးဆောင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် လာတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်တာလို့လည်း သူတို့ကဆိုပါတယ်။

ဆန္ဒထုတ်ဖော်ပွဲအပြီးမှာ ဆန္ဒထုတ်ဖော်ပွဲဖြစ်မြောက်ရေးကော်မတီလို့အမည်တပ်ထားပြီး အချက် (၇) ချက်ပါတဲ့ ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ထုတ်ပြန်ချက်မှာ အချက်အလက်ရှာဖွေရေးမစ်ရှင်က မြန်မာနိုင်ငံကို ဘက်ပေါင်းစုံမှ နည်းမျိုးစုံနဲ့ အကြပ်အတည်းဖြစ်အောင်ဖန်တီးနေတဲ့ အဖွဲ့အစည်းဖြစ်တယ် လို့လည်း ရှုမြင်သုံးသပ်ထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့လည်း သြဂုတ် (၆) ရက် ရက်စွဲနဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ နောက်ဆုံး ထုတ်အစီရင်ခံစာနဲ့ သုံးသပ်ချက်များကို ပြတ်ပြတ်သားသား ပယ်ချပါတယ်လို့ တရားဝင် ထုတ်ပြန်ကြေညာပြီးဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံအနေနဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင် စတင်ဖွဲ့စည်းစဉ်ကတည်းက ဆန့်ကျင်ကန့်ကွက်ခဲ့တာဖြစ်ပြီး အခုလိုဖွဲ့စည်း ဆောင်ရွက်ခြင်းက လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်တာ၊ နိုင်ငံတကာဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်တာဖြစ်တယ်လို့ပါရှိပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ် အရေးကိစ္စကို သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာစွပ်စွဲချက်များကိုလည်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းပြီး စစ်ဆေးလျက်ရှိပါတယ်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top