ထိုင်းဂူတွင်း ကယ်ဆယ်ရေး ဆောင်ရွက်မှုအတွက် ရဲစွမ်းသတ္တိ ဆုတံဆိပ် ချီးမြှင့်ခံရတဲ့ ဩစတြေးလျ နိုင်ငံသား ၉ ဦး

AP18205293955470.jpg

ထိုင်းဂူထဲမှာ ပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်းသား ၁၃ ဦးကို ကယ်ဆယ်ရာမှာ အသက်ကို ပဓာနမထားဘဲ ရဲဝံ့တဲ့ စွန့်စားမှုပြုခဲ့တဲ့ ဩစတြေးလျနိုင်ငံသား ၉ ဦးထံ ဆုတံဆိပ် ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ဩစတြေးလျမြို့တော် ကန်ဘာရာ (Canberra) မှာ ပြီးခဲ့တဲ့အင်္ဂါနေ့က ကျင်းပခဲ့ပါတယ်။

မေ့ဆေးဆရာဝန်ကြီး ရစ်ချတ်ဟားရစ် (Richard Harris) နဲ့ သူ့ရဲ့ ရေငုပ်ဖော် သူငယ်ချင်း ခရိုက်ချာလန် (Craig Challen) တို့နှစ်ဦးကို ရဲသတ္တိ ကြယ်တံဆိပ်ဆု ချီးမြှင့်ခဲ့ပါတယ်။ ဒီဆုက ဩစတြေးလျ အရပ်သား ထူးချွန်ဆုတွေထဲမှာ အမြင့်ဆုံး သူရသတ္တိဆုပြီးရင် ဒုတိယအမြင့်ဆုံးဆု ဖြစ်ပါတယ်။ ဒီထက်တစ်ဆင့်နိမ့်တဲ့ ရဲစွမ်းသတ္တိဆု တံဆိပ်တွေကိုတော့ ရဲတပ်သားခြောက်ယောက်နဲ့ ရေတပ်သားတစ်ဦးကို ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။

ဇွန်လ ၂၃ ရက်နေ့မှာ ထိုင်းဂူထဲကို လေ့လာရေးသွားပြီး ထွက်ပေါက်ရှာမရဘဲ ပိတ်မိခဲ့တဲ့ ကလေးတွေ အသက်ရှင်လျက်ရှိနေတယ်ဆိုတာကို ဇူလိုင်လ ၂ ရက်နေ့မှာ ရှာဖွေသတင်းပို့ခဲ့သူက ဗြိတိသျှရေငုပ်သမားနှစ်ယောက် ဖြစ်ပါတယ်။ ဇူလိုင်လ ၆ ရက်နေ့မှာတော့ ဒေါက်တာရစ်ချတ်ရောက်ရှိလာပြီး အစာရေစာပြတ်လပ်မှုကြောင့် အားနည်းနေတဲ့ လူငယ်တွေရဲ့ ကျန်းမာရေးကို စစ်ဆေးပေးဖို့နဲ့ ကနဦးအဆင့် စောင့်ရှောက်မှုတွေပေးဖို့ တာဝန်ယူခဲ့ပါတယ်။

ရေငုပ်အတွေ့အကြုံ လုံးဝမရှိသေးတဲ့ ကလေးတွေကို ရေဝင် ဥမင်တွေထဲကနေ စွန့်စွန့်စားစား ကယ်ထုတ်ဖို့ ရွေးချယ်လိုက်ရာမှာ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ စိတ်အခြေအနေအရ သင့်တော်မှု ရှိ မရှိကို ဆုံးဖြတ်ဖို့ ဒေါက်တာရစ်ချတ်ဟားရစ်က တာဝန်ယူခဲ့ရပါတယ်။ အားနည်းနေတဲ့ကလေးတွေကို စိတ်ငြိမ်ဆေး ဘယ်လောက်ပေးရမယ်ဆိုတာ တွေဝေနေရတဲ့အချိန်က သူ့အတွက် အကြောက်ဆုံးအချိန် ဖြစ်ခဲ့တယ်လို့ ဒေါက်တာရစ်ချတ်က ဆိုပါတယ်။ တကယ်လို့သာ မှားယွင်းမှုရှိခဲ့ရင် ထင်တာထက် ပိုဆိုးတဲ့ရလဒ် ဖြစ်ခဲ့နိုင်တာကြောင့် ဖြစ်ပါတယ်။

ကယ်ဆယ်ရေးသမားတွေက စိတ်လှုပ်ရှားပြီး ကြောက်တတ်တဲ့ကလေးကို ရေငုပ်မျက်နှာဖုံးကျွတ်ပြီး ရေနစ်သွားမှာ စိုးရိမ်ခဲ့ကြပါတယ်။ ပထမဆုံးဂူထဲက ထွက်လာနိုင်တဲ့ ကလေးကို မြင်ရတာဟာ သူ့အတွက် မျှော်လင့်ချက်ပါလို့ ဒေါက်တာချာလန်က ပြောသွားခဲ့ပါတယ်။ ကျန်တဲ့ ဩစတြေးလျ ရေငုပ်သမား ၇ ဦးကလည်း ဂူပေါက်ဝထိရောက်အောင် ကလေးတွေကို ကယ်ဆယ်ပို့ဆောင်ရာမှာ ရဲစွမ်းသတ္တိပြည့်စွာ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ရုတ်တရက် ရေလွှမ်းမိုးလာမှုကြောင့် အမှိုက်စတွေ ရေစီးနဲ့မျောပါလာပြီး လေညစ်ညမ်းမှုတွေ ဖြစ်နေတဲ့ဂူထဲကနေ ဘယ်သူ့ကိုမဆို သေစေနိုင်တဲ့ အခြေအနေမျိုးမှာ ကလေးတွေကို အပြင်ဘက်ရောက်အောင် ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဩစတြေးလျဝန်ကြီး မယ်ကွန်တန်းဘောလ် (Malcolm Turnball) က ဩစတြေးလျနိုင်ငံသားကိုးဦးကို ဆုပေးတဲ့အခမ်းအနားမှာ “ခင်ဗျားတို့ ကိုးဦးက ကျွန်တော်တို့နိုင်ငံရဲ့ဂုဏ်ဆောင်တွေပဲဖြစ်ပါတယ်။ ကိုယ်ကျိုးစွန့်ပြီး ထိပ်တန်းအရည်အသွေးတွေနဲ့ ပြည့်စုံတဲ့ ခင်ဗျားတို့ရဲ့လုပ်ဆောင်မှုက ဩစတြေးလျလူမျိုးတွေရဲ့ အရေးပါမှုကို ပြသနိုင်ခဲ့တဲ့ အကောင်းဆုံး သံတမန်တွေဖြစ်လို့ ဒီထက် ပိုကောင်းအောင် လုပ်ဆောင်နိုင်တဲ့သူကို ဘယ်မှာမှရှာလို့ရမှာ မဟုတ်ပါဘူး။ ကယ်ဆယ်ရေးလုပ်ငန်းစဉ်က ဘယ်လောက်တောင် အန္တရာယ်များခဲ့လည်းဆိုတာ ဖော်ကျူးပြရရင်တောင် ရနိုနိုင်မယ်မထင်ပါဘူး” လို့ ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

Ref: abcnews “Nine Australians awarded bravery medals for Thai cave”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top