မလေးရှားနိုင်ငံဖွားနာမည်ကြီးမင်းသမီး မီချဲလ်ယိုဟာ ဟောလိဝုဒ်မှာ အမှတ်အသားတစ်ခုချန်ထားနိုင်ခဲ့ပါပြီ။ သူဟာ ဟောလိဝုဒ်ကျော်ကြားမှုအထိမ်းအမှတ်လျှောက်လမ်းမှာ ကြယ်ပွင့်တစ်ပွင့်အဖြစ်လက်ခံရရှိခဲ့တာပါ။
သူဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့က နာမည်ကြီးဒါရိုက်တာတွေဖြစ်တဲ့ အန်လီ ၊ ဂျွန် အန်ချူတို့နဲ့ ဟောလိဝုဒ်စင်မြင့်ထက်မှာ ကြယ်ပွင့်ကို ရယူခဲ့ပါတယ်။ သူ ဟောလိဝုဒ်ကျော်ကြားမှုအထိမ်းအမှတ်လျှောက်လမ်းမှာ ကြယ်ပွင့်နဲ့ ဂုဏ်ပြုခံရမယ်ဆိုတာကို ၂၀၂၃ ခုနှစ်ကတည်းက သတင်းထွက်ရှိပြီးသားဖြစ်ပါတယ်။

မီချဲလ်ယို ပါဝင်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ အကယ်ဒမီ ၄ ဆုရရှိခဲ့တဲ့ “Crouching Tiger, Hidden Dragon” ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာအန်လီက မီချဲလ်ယိုကို သူ့ရဲ့အရည်အချင်း၊ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ စေတနာမေတ္တာတွေကို မီးမောင်းထိုးပြခဲ့ပြီးတော့ အလွန်ကောင်းမွန်တဲ့ ရုပ်ရှင်မင်းသမီးအဖြစ် ချီးကျူးခဲ့ပါတယ်။
“Crazy Rich Asians” ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာဂျွန်အန်ချူကလည်း မီချဲလ်ယို အော်စကာဆုနဲ့ မှတ်တမ်းတင်နိုင်ခဲ့တာကို သတိပေးရင်းနဲ့ မျှော်လင့်ခြင်းမီးပြတိုက်အဖြစ် ချီးကျူးခဲ့ပါတယ်။

မီလ်ချဲယိုက ဟောလိဝုဒ်ကျော်ကြားမှုအထိမ်းအမှတ်လျှောက်လမ်းမှာ သူ့ရဲ့ကိုယ်ပိုင်ကြယ်ပွင့်ရလိမ့်မယ်လို့ အိမ်မက်မမက်ခဲ့ဖူးဘူးလို့ ဆိုပါတယ်။ ဒီကြယ်ပွင့်က ဒီထိရောက်အောင် ကူညီပံ့ပိုးခဲ့တဲ့လူတွေကို ကိုယ်စားပြုတယ်လို့ ပြောကြားရင်း သူ့ရဲ့လုပ်ဖော်ကိုင်ဖက်၊ ပရိသတ်တွေနဲ့ မိသားစုတွေကို ကျေးဇူးတင်ခဲ့ပါတယ်။ သူ့မိခင်နဲ့ ကွယ်လွန်သူဖခင်ကို ဒီကြယ်ပွင့်နဲ့ ဂုဏ်ပြုခဲ့ပါသေးတယ်။
မီချဲလ်ယိုက ၁၉၉၀ ပြည့်နှစ် ဟောင်ကောင်အက်ရှင်ဇာတ်ကားတွေနဲ့ နာမည်ကြီးလာခဲ့တာပါ။ အခုဆို ဟောလိဝုဒ်မှာပါ အောင်မြင်နေတဲ့ မင်းသမီးဖြစ်လာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်က “Everything Everywhere All at Once” ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအတွက် အကယ်ဒမီဆုကို ရရှိခဲ့တဲ့ ပထမဆုံးအာရှသရုပ်ဆောင်အဖြစ် သမိုင်းတင်နိုင်ခဲ့ပါတယ်။

Ref: Michelle Yeoh receives Walk of Fame star
WL (ရိုးရာလေး)

