ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူ ၈၀ ရှိလာပြီး လူ ၃၀၀၀ လောက် ကူးစက်ခံနေရ

yyl-020-15.jpg

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၀ အထိ မြင့်တက်လာခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၀၀၀ လောက် ရှိလာပြီလို့ ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ်(2019-nCOV) ကူးစက်ပျံ့နှံ့မှုကို တားဆီးထိန်းချုပ်နိုင်ဖို့ တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ကို တနင်္ဂနွေနေ့အထိ (၃)ရက် ထပ်တိုးခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ် စတင်ကူးစက်ပျံ့နှံ့ရာဖြစ်တဲ့ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှာ ပိတ်ဆို့မှုတွေ ပြုလုပ်ထားပြီး မြို့တော်တော်များများမှာ ခရီးသွားလာခွင့် ပိတ်ပင်မှုတွေ လုပ်ထားပါတယ်။ မနေ့တုန်းက ဟူပေပြည်နယ်မှာ သေဆုံးသူ (၅၆)ယောက် ရှိခဲ့ရာကနေ ဒီနေ့မှာ သေဆုံးသူ (၇၆)ယောက်အထိ မြင့်တက်လာခဲ့ပါတယ်။ နောက်ထပ်(၄)ယောက်ကတော့ တခြားဒေသမှာ သေဆုံးခဲ့တာပါ။

တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၇၄၄ ယောက်ရှိနေပြီး လူ ၃၀၀ ကျော်ကတော့ အသည်းအသန် ဖြစ်နေတယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ ဟူပေပြည်နယ်ရဲ့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု တားဆီး၊ ကာကွယ်၊ ကုသရေး လုပ်ငန်းစဉ်တွေမှာ ကျန်းမာရေးအဖွဲ့ဝင် ၅၀၀,၀၀၀ ကျော် ပါဝင်လှုပ်ရှားနေပါတယ်။ ခုတင် ၁၀၀၀ နဲ့ ခုတင် ၁၃၀၀ ဆံ့တဲ့ ဆေးရုံသစ်နှစ်ရုံကို တက်သုတ်ရိုက် တည်ဆောက်နေပြီး စက်ရုံတွေမှာလည်း နှာခေါင်းစည်းတွေ၊ အကာအကွယ်အင်္ကျီတွေ ထုတ်လုပ်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ ကူးစက်ခံထားရတယ်ဆိုတဲ့ လက္ခဏာမပြသေးခင် ကူးစက်နိုင်စွမ်းရှိလို့ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ ပိုခက်ခဲတယ်လို့ ပြီးခဲ့တဲ့အားလပ်ရက်မှာ တရုတ်အရာရှိတွေက သတိပေးခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံထားရသူတစ်ယောက်ဟာ စတင်ကူးစက်ခံရချိန်ကနေပြီး(၁၄)ရက်အတွင်း ရောဂါလက္ခဏာမပြဘူးလို့ အရာရှိတွေက ယုံကြည်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top