တိုက်ခန်းကနေ သခင်နှင်ထုတ်ခံရလို့ ကြောင် (၁၀၀) ကျော် အိမ်ရာမဲ့ဖြစ်ခဲ့ရ

23-9-2020-yyl-002.jpg

စပိန်နိုင်ငံက တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာက ကြောင် (၁၂၀) ကျော် ထာဝရနေထိုင်သွားနိုင်မယ့်အိမ်နဲ့ သူတို့ကိုမွေးစားမယ့်သူတွေကို ရှာဖွေနေကြပါတယ်။ အဲဒီကြောင်လေးတွေက သူတို့ရဲ့သခင်ဟာ တိုက်ခန်းကနေ နှင်ထုတ်ခံခဲ့ရတာကြောင့် အိမ်ရာမဲ့ဖြစ်သွားခဲ့ရတာပါ။ ကြောင်လေးတွေကို ကယ်တင်ခဲ့တဲ့ SPAMA Safor တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာက အစကတော့ သူတို့ ခေါ်ဆောင်သွားရမှာက ကြောင် (၉၆) ကောင်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ တိုက်ခန်းကနေ ခေါ်သွားရတာက ကြောင် (၁၂၀) ရှိပြီး သူတို့ကို ကာကွယ်ဆေးထိုးပေးတာ၊ ကျွေးမွေးပြုစုပေးတာတွေလုပ်နေတဲ့အပြင် သူတို့အတွက် အိမ်အသစ်ရှာပေးနေတယ်လို့ မကြာသေးခင်ကမှ လူမှုကွန်ယက်အကောင့်မှာ ပြောခဲ့ပါတယ်။

စတုန်းရန်းမီတာ (၁၀၀) ရှိတဲ့ တိုက်ခန်းကနေ သူတို့ရဲ့သခင် နှင်ထုတ်ခံရပြီးတဲ့နောက်မှာ သခင်ကလည်း ကြောင်လေးတွေကို ခေါ်သွားဖို့မဖြစ်နိုင်တဲ့အတွက် ကြောင်လေးတွေ အိမ်ရာမဲ့ဘဝနဲ့ ကျန်ရစ်ခဲ့ရပါတယ်။ တိရစ္ဆာန်စောင့်ရှောက်ရေးနဲ့ အလုပ်လုပ်နေတဲ့ ဆယ်ဗာဒေါရာ တော်မတ်စ် (Salvadora Tormas) က “လွန်ခဲ့တဲ့ ၃နှစ်က ပိုင်ရှင်က ကြောင် (၂) ကောင်ကို မွေးထားခဲ့တာပါ။ အဲဒီကတည်းက ကြောင်တွေက မျိုးပွားလာတဲ့အတွက် အခုလိုများသွားခဲ့တဲ့ပုံပါပဲ”လို့ ပြောပါတယ်။ အခြား တိရစ္ဆာန် (၂၀၀) ကို စောင့်ရှောက်ပေးနေရတဲ့အတွက် ကြောင်အားလုံးကို ခေါ်ထားဖို့အတွက် နေရာမလုံလောက်တဲ့အတွက် သူတို့လေးတွေကို မွေးစားဖို့ လူတွေကို တိုက်တွန်းနေပါတယ်လို့ ဂေဟာက ပြောပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ကမှ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာက ကြောင် (၄၈) ကောင်ကို စုခဲ့ပြီး နောက်နေ့မှ ကြောင်ပိုင်ရှင်ရဲ့အကူအညီနဲ့ အကုန်လုံးကို ခေါ်သွားဖို့ စီစဉ်ခဲ့တယ်လို့ ဆာဗာဒေါရာက ဆိုပါတယ်။ ဆာဗာဒေါရာရဲ့ပြောစကားအရတော့ ကြောင်လေးတွေရဲ့ပိုင်ရှင်က လူငယ်လေးတစ်ယောက်လို့တော့ သိရပါတယ်။ “ဒါက ဘေးဒုက္ခတစ်ခုပါပဲ။ တစ်စုံတစ်ယောက်က ဒီလူငယ်လေးကို ကူညီပေးသင့်ပါတယ်”လို့လည်း ဆာဗာဒေါရာက ဆိုပါတယ်။

“ဒီအိမ်ကနေ ကြောင် (၁၂၀) ကို ခေါ်ဆောင်ခဲ့ရပါတယ်။ ကြောင်လေးတွေက ဆာလောင်နေမျိုးမရှိပေမဲ့ မွေးကတည်းကနေ နေရောင်ခြည်နဲ့ ဆရာဝန်ရဲ့ဆေးကုတာကို ခံယူခဲ့တာမျိုးမရှိခဲ့တဲ့အတွက် ထိတ်လန့်နေတာမျိုးတော့ရှိပါတယ်”လို့ ဂေဟာက လူမှုကွန်ယက်အကောင့်ကနေပြောခဲ့ပါတယ်။ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာက ကြောင်လေးတွေကို မွေးစားချင်တဲ့သူရှိရင် ဆက်သွယ်ကြဖို့ကိုတော့ လူတွေကို တိုက်တွန်းပြောဆိုထားပါတယ်။

Ref: Ladbible”More Than 100 Cats Left Homeless After Their Owner Gets Evicted”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top