ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမေရိကန်နဲ့ တရုတ်ကြား တင်းမာမှုမြင့်တက်

23-9-2020-yyl-001.jpg

နယူးယော့ခ်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအတွက် တရုတ်နိုင်ငံအပေါ် အပြစ်တင်ခဲ့လို့ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအတွက် တရုတ်နိုင်ငံကို တာဝန်ယူခိုင်းရမယ်လို့ ဒေါ်နယ်ထရမ့်က တိုက်တွန်းခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ တခြားနိုင်ငံတစ်နိုင်ငံနဲ့ စစ်အေးကာလထဲ ဝင်ရောက်လိုစိတ်မရှိဘူးလို့ ပြောခဲ့ပါတယ်။

အခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံကို ရုပ်သံကတစ်ဆင့် ကျင်းပခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တွေက ကြိုတင်ပြင်ဆင်ထားတဲ့ ရုပ်သံမိန့်ခွန်းတွေ ပေးပို့ခဲ့ကြတာပါ။ အဲဒီအတွက် အရင်တုန်းကလို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြင်တွေ့နေကြဖြစ်တဲ့ ပထဝီနိုင်ငံရေးအခင်းအကျင်းမျိုး မတွေ့ခဲ့ရပါဘူး။

အမေရိကန်နဲ့ တရုတ်နိုင်ငံဟာ ဟောင်ကောင်မြို့အရေး၊ ရှင်ကျန်းဒေသအရေး၊ ကုန်သွယ်ရေး၊ နည်းပညာ၊ တရုတ်(တိုင်ပေ)အရေး စတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေပါတယ်။
” တစ်ကမ္ဘာလုံးဆီကို ဒီကပ်ရောဂါ ထုတ်လွှတ်ခဲ့တဲ့ နိုင်ငံကို ကျွန်တော်တို့ တာဝန်ယူခိုင်းရမှာပါ။ အဲဒီနိုင်ငံက တရုတ်နိုင်ငံပါပဲ။ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားတဲ့ အစောပိုင်းရက်တွေမှာ တရုတ်နိုင်ငံက ပြည်တွင်းခရီးသွားလာမှုကို ပိတ်ဆို့ခဲ့ပေမဲ့ တရုတ်နိုင်ငံကနေ ထွက်ခွာတဲ့ လေကြောင်းခရီးစဉ်တွေကို ခွင့်ပြုပေးခဲ့ပြီး တစ်ကမ္ဘာလုံး ရောဂါကူးစက်ခဲ့ရတယ်။ သူတို့က ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းပြီး သူတို့နိုင်ငံသားတွေကို အိမ်ထဲမှာ ပိတ်ထားတာတောင် သူတို့နိုင်ငံအပေါ် ကျွန်တော်က ခရီးသွားလာခွင့်ပိတ်ပင်တာကို တရုတ်နိုင်ငံက ရှုတ်ချနေသေးတယ်”လို့ ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ရောဂါဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတဲ့ နိုင်ငံဖြစ်ပြီး ရောဂါကူးစက်ခံရသူ ၇ သန်းကျော်၊ သေဆုံးသူ ၂၀၀၀၀၀ ကျော် ရှိနေပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့မိန့်ခွန်းအပြီး သိပ်မကြာခင်မှာပဲ ရှီကျင်ဖျင့်က မိန့်ခွန်းပြောခဲ့ပါတယ်။ သူ့ရဲ့မိန့်ခွန်းမှာတော့ ယဉ်ကျေးမှုအချင်းချင်း တိုးတိုက်မိနိုင်တဲ့ အန္တရာယ်ကို သတိပေးခဲ့ပါတယ်။ ” ကျွန်တော်တို့က ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ပြီး တခြားနိုင်ငံတွေနဲ့ ကွာခြားမှုတွေကို လျှော့ချဖို့၊ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ ဆက်လုပ်သွားမှာပါ။ ကိုယ့်တစ်နိုင်ငံတည်း တိုးတက်စေဖို့ ဒါမှမဟုတ် ပေါင်းခြင်းသုည ( တစ်နိုင်ငံ တိုးတက်ပြီး တခြားနိုင်ငံ ဆုတ်ယုတ်) ကစားပွဲမျိုး ဖြစ်အောင် မလုပ်ပါဘူး”လို့ ရှီကျင့်ဖျင်က ပြောခဲ့ပါတယ်။

Ref: BBC ” UN General Assembly: US-China tensions flare over coronavirus”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top