အွန်လိုင်းစာသင်ချိန်မှာ ကျောင်းသား၊သူတွေလိုအပ်တဲ့ စာသင်ခုံတွေကို ပြုလုပ်ပေးနေတဲ့ အဖေများအဖွဲ့

23-9-2020-yyl-005.jpg

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွင်း အိမ်ကနေ စာလေ့လာသင်ယူနေတဲ့ မေရီလန်းပြည်နယ်က ကျောင်းသား၊သူတွေက သူတို့ရဲ့ကိုယ်ပိုင်စာသင်ခုံတွေမှာ စာလေ့လာခွင့်ရခဲ့ကြပါတယ်။ အခုလို စာသင်ခုံလေးနဲ့ သေသေချာချော စာသင်ယူခွင့်ရတာကတော့ ပြည်နယ်အတွင်းက အဖေများအဖွဲ့ကြောင့်ပါပဲ။ ဘာလို့လဲဆိုရင် အဲဒီအဖွဲ့က ကျောင်းသား၊သူလေးတွေ အွန်လိုင်းကနေ စာသင်ယူချိန်မှာ လိုအပ်တဲ့စာသင်ခုံတွေကို ပြုလုပ်ပေးခဲ့လို့ပါပဲ။

“သူတို့သာမရှိရင် ကျွန်တော်အခု စာသင်ခုံရှိမှာမဟုတ်တဲ့အတွက် သူတို့ကို တကယ်ကို ကျေးဇူးတင်ပါတယ်။ တကယ်ကို ကောင်းပါတယ်။ ကျွန်တော့်အခန်းထဲမှာ ကိုယ်ပိုင်စားပွဲခုံနဲ့ ကျွန်တော့်ဘေးနားတစ်ဝိုက်မှာလည်း ဆူညံ့သံတွေမရှိတဲ့အတွက် စာကို ပိုပြီးအာရုံစိုက်နိုင်ပါတယ်”လို့ ကိုယ်ပိုင်စာသင်ခုံလေးမရှိခင်က ထမင်းစားပွဲမှာ စာသင်ယူနေရတဲ့ (၇) တန်းကျောင်းသားလေး ဘရန်ဒန် ဆန်ချက်ဇ် (Brandon Sanchez) က ဆိုပါတယ်။ ဘရန်ဒန်နဲ့ အခြားကလေးတွေက Desks By Dads ဆိုတဲ့အဖွဲ့ဆီကနေ စာသင်ခုံတွေ လက်ဆောင်ရခဲ့တာပါ။ Desks by Dads က မေရီလန်းပြည်နယ်က ကလေး (၃) ဦးရဲ့မိဘတွေဖြစ်တဲ့ ဂျက်စီကာ နဲ့ အေအိုင် ဘာရယ်လက်ဇ်တို့ တည်ထောင်ခဲ့တဲ့အဖွဲ့ပါပဲ။

ဂျက်စီကာ ဘာရယ်လက်ဇ်က ကျောင်းသူ၊သားအများစုက အခြေခံလိုအပ်ချက်ဖြစ်တဲ့ စာသင်ခုံမရှိဘူးဆိုတာ သိရှိခဲ့ပြီးတဲ့နောက်မှာ သူ့ကလေးရဲ့ကျောင်းက ကလေးတွေအတွက် စာသင်ခုံတွေ ပြုလုပ်နေခဲ့တာပါ။ “ဝင်ငွေနည်းတဲ့မိသားစုကနေလာတဲ့ ကျောင်းသား၊ သူတော်တော်များများက မိသားစုဝင်အများကြီးနဲ့ နေရာအကျဉ်းလေးမှာ နေရပါတယ်။ မိသားစုတွေနဲ့ ကျွန်မ စကားပြောကြည့်တော့ ကလေးတွေအားလုံးက ထမင်းစားပွဲ၊ အိပ်ရာထဲတွေမှာ စာလေ့လာရပါတယ်။ အဲဒါနဲ့ သူတို့မှာ လိုအပ်ချက်ရှိနေတယ်ဆိုတာ သိလာရတယ်”လို့ ဂျက်စီကာက ဆိုပါတယ်။ အဲဒါကြောင့်ပဲ ဂျက်စီက သူ့ရဲ့ခင်ပွန်းကို လုပ်ရတာ လွယ်ကူပြီး ဈေးသက်သာမယ့် စာသင်ခုံအတွက် ဒီဇိုင်းနမူနာလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အေအိုင် ဘာရယ်လက်ဇ်က YouTube Tutorials ဗီဒီယိုတွေကြည့်ပြီး ပိုက်ဆံ ဒေါ်လာ ၄၀ သာကုန်ကျပြီး တစ်နာရီအတွင်း စာသင်ခုံတစ်ခုံကို ဘယ်လိုဖန်တီးရမလဲဆိုတဲ့ နည်းကို သိခဲ့ရပါတယ်။

သူတို့စုံတွဲက ဖေ့စ်ဘွတ်မှာလည်း စာသင်ခုံပြုလုပ်တဲ့နည်းကို အခမဲ့မျှဝေခဲ့တဲ့အပြင် သူငယ်ချင်းတွေနဲ့ အခြားဖခင်တွေကိုလည်း ပြောပြခဲ့ကြပါတယ်။ အဲဒီလိုနဲ့ ကျောင်းသား၊သူတွေကို စာသင်ခုံ (၂၄) ခုံကျော်လောက် အခမဲ့ပေးလှူဖြစ်ခဲ့ပါတယ်။ သူတို့ရပ်ကွက်ထဲက အဖေတွေကလည်း စာသင်ခုံပြုလုပ်ပြီးသွားရင် ဂျက်စီကာတွေဆီ လာလှူဒါန်းလေ့ရှိပါတယ်။ စာသင်ခုံတွေကို အဖေတွေက ပြုလုပ်တာဖြစ်ပေမယ့် အမေတွေကလည်း ဘေးကနေ ပံံ့ပိုးပေးခဲ့ကြပါတယ်။

ဂျက်စီကာတို့စုံတွဲက အချိန်ပြည့်အလုပ်တွေရှိတဲ့အတွက် Desks by Dads ပရောဂျက်ကို ရုံးပိတ်ရက်တွေမှာ လုပ်တာဖြစ်ပါတယ်။ ကလေးတွေ စာသင်ခုံလိုအပ်နေတဲ့အချိန်အထိ ဆက်လုပ်သွားဖို့အစီအစဉ်ရှိပြီး ဒီပရောဂျက်က အခြားသူတွေကိုလည်း Inspire လုပ်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုရလဒ်ကို ကျောင်းသား၊သူတစ်ယောက် စာသင်ခုံရသွားတဲ့အချိန်တိုင်းမှာ ခံစားမိတယ်လို့လည်း ပြောပါတယ်။

Ref: ABCNews “These dads are building desks for students who need them during virtual learning”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top