ဝန်ထမ်း (၆၀) ရာခိုင်နှုန်းနဲ့သာ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေရတယ်လို့ ပြည်ထောင်စုဝန်ကြီးပြော

7-7-2021-yyl-38.jpg

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ လက်ရှိအချိန်မှာ ဝန်ထမ်းအင်အား (၆၀) ရာခိုင်နှုန်းခန့်နဲ့သာ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေရတာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။

“အခက်အခဲတွေကြားက ပြည်သူလူထုရဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေအတွက် နေ့မနား ညမအား တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဝန်ထမ်းကို အထူးပင်ကျေးဇူးတင် ချီးကျူးဂုဏ်ပြုပါတယ်” လို့ ပြည်ထောင်စုဝန်ကြီးက COVID-19 ကပ်ရောဂါဆိုင်ရာ အကြံပေးအဖွဲ့နှင့်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဗီဇပြောင်း ကိုဗစ်ရောဂါပိုး ကူးစက်မှုကလည်း ပိုမိုမြန်ဆန်နေတဲ့အတွက် Covid19 ရောဂါဓာတ်ခွဲအတည်ပြုလူနာတွေအနေနဲ့ ကုသရေးဌာနတွေကို အချိန်နဲ့တပြေးညီ ရောက်ရှိနိုင်ရေးနဲ့ ကုသရေးဌာနတွေမှာ အောက်စီဂျင်ပြတ်လတ်မှုမရှိစေရန် အထူးအလေးပေး ဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။

ဇူလိုင်လ တတိယအပတ်မှာ မြန်မာနိုင်ငံကို ကိုဗစ်ရောဂါကာကွယ်ဆေး (၁) သန်း ထပ်မံရောက်ရှိမှာဖြစ်ပြီး ရရှိလာတဲ့ ကာကွယ်ဆေးတွေကို ရေးဆွဲထားတဲ့ စီမံချက်တွေအတိုင်း စနစ်တကျ ထိုးနှံပေးသွားမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒ့ါပြင် မြန်မာဘက်မှဝယ်ယူထားတဲ့ COVISHIELD ကာကွယ်ဆေးတွေကို အိန္ဒိယနိုင်ငံအနေနဲ့ အချိန်မီမပို့ပေးနိုင်တဲ့အတွက် လက်ရှိမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတွေက ကာကွယ်ဆေးတွေ ရရှိအောင် စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Photo- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top