ခင်ပွန်းဖြစ်သူထံက ငွေညှစ်ဖို့ သားဖြစ်သူ ပြန်ပေးဆွဲခံရသယောင် အကွက်ချစီစဉ်ခဲ့တဲ့ အမျိုးသမီး

17.11.23-yyl-3-1.jpg

ကိုလံဘီယာနိုင်ငံက အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဆီက ငွေညှစ်ဖို့အတွက် ၂ နှစ်အရွယ် သားဖြစ်သူကို ပြန်ပေးဆွဲခံရသယောင် အကွက်ချ စီစဉ်ခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက ဘာရန်ကွီလာမြို့တောင်ပိုင်းက ဒေသတစ်ခုမှာ ကလေးငယ်တစ်ယောက် ပြန်ပေးဆွဲခံရတဲ့သတင်းက တောမီးပမာ ပျံ့နှံ့သွားခဲ့ပါတယ်။ သူ့မိခင်နဲ့အတူ လမ်းလျှောက်နေတုန်း ဆိုင်ကယ်နဲ့ လူနှစ်ယောက် ရောက်လာပြီး ၂ နှစ်အရွယ် ကလေးငယ်ကို မိခင်လက်ထဲကနေ အတင်းအဓမ္မ ဆွဲယူသွားခဲ့တာလို့ သတင်းထွက်ခဲ့ပါတယ်။

အခင်းဖြစ်ပွားရာကို ရဲတွေ ရောက်လာပြီး မိခင်ဖြစ်သူကို စစ်ဆေးမေးမြန်းကြပါတယ်။ အဲဒီနောက် သိပ်မကြာခင်မှာပဲ ပြန်ပေးဆွဲခံရတဲ့ ကလေးငယ်ပုံစံ ကလေးတစ်ယောက်ကို တိုက်ခန်းတစ်ခုမှာ တွေ့တယ်လို့ လူတစ်ယောက်က ရဲစခန်းကို သတင်းပို့ခဲ့ပါတယ်။ အဲဒီတိုက်ခန်းကို ရဲတွေ ရောက်သွားတဲ့အခါ ပြန်ပေးဆွဲသူတွေကို မတွေ့ရဘဲ ကလေးငယ်က သူ့မိခင် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ကစားနေတာ မြင်လိုက်ရပါတယ်။

အမျိုးသမီးဟာ ကလေးငယ်ကို ပြန်ပေးဆွဲခံရသယောင် အကွက်ချ စီစဉ်ပြီး သူ့ခင်ပွန်းထံကနေ ပီဆို သန်း ၆၀ ( အမေရိကန်ဒေါ်လာ ၁၄၇၀၀) ငွေညှစ်ဖို့ ကြိုးပမ်းခဲ့တာပါ။ အမျိုးသမီးက ၂ နှစ်အရွယ် သားဖြစ်သူကို သူ့ သူငယ်ချင်းထံ သွားအပ်ထားပြီး ပြန်ပေးဆွဲခံရသယောင် ဖန်တီးခဲ့တာပါ။
လက်ရှိအချိန်မှာတော့ အဲဒီအမျိုးသမီးကို ဖမ်းဆီးထားပြီး ကလေးငယ်ကိုတော့ သူ့ဖခင်က စောင့်ရှောက်နေတယ်လို့ ကိုလံဘီယာမီဒီယာတွေက ဖော်ပြပါတယ်။

Ref: Mother Stages 2-Year-Old Son’s Kidnapping to Get Ransom From His Father

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply