ခြောက်သွေ့ ကြမ်းတမ်းသော ဆံသားများအတွက် ဆောင်ရွက်ပေးရမည့် နည်းလမ်းကောင်းလေးများ

hairlarge.jpg

ခြောက်သွေ့ကြမ်းတမ်းတဲ့ ဆံသားများဟာ သင့်ရဲ့ဆံနွယ်လေးများအတွက် စိတ်ပျက်စရာ ကောင်းရုံသာ မဟုတ်ပါဘူး။

ဗောက်တွေ၊ ဒက်တွေနဲ့ ဆံသားဆုံးရှုံးမှုကို ဖြစ်စေနိုင်တဲ့ ပထမအဆင့်လို့ ပြောနိုင်ပါတယ်။ ဒီတော့ ဒီခြောက်သွေ့ကြမ်းတမ်းတဲ့ ဆံသားတွေအတွက် ဖြေရှင်းဖို့ နည်းလမ်းတစ်ခု လိုအပ်မှာပါ။ ဒီနည်းလမ်းဟာ လွယ်လည်းလွယ်ရမယ်။ ဆံသား ထပ်ပြီး ပျက်ဆီးမှာကိုလည်း မဖြစ်စေသင့်ပါဘူး။ ဒီလိုပြောလို့ beauty salon ကို သွားပြီး ငွေကုန်ကြေးကျခံဖို့တော့ မဟုတ်ပါဘူးနော်။ အိမ်မှာပဲ နေ့စဉ်ပြုလုပ်ပေးနိုင်ပြီး လွယ်ကူတဲ့ နည်းလမ်းကောင်းလေးတွေရှိပါတယ်။ ခြောက်သွေ့ကြမ်းတမ်းတဲ့ ဆံသားတွေရဲ့ ပြဿနာကို ကူညီဖြေရှင်းပေးမယ့် နည်းလမ်း ၇ချက်ကို ပြောပြပေးလိုက်ပါတယ်။

၁။ ဆံသားလေးများကို အနားပေးလိုက်ပါ

မကြာမကြာ ခေါင်းလျှော်ခြင်းသည် ခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ခေါင်းလျှော်ရည်မှာ ဆံသားရဲ့ ရေဓာတ်ကို စုပ်ယူသွားနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။ ဒါပေမဲ့လည်း ခေါင်းလျှော် ချင်နေသေးတယ်ဆိုရင် ဆံသားကို မထိခိုက်စေတဲ့ ပျော့တဲ့ ခေါင်းလျှော်ရည်မျိုးကို အသုံးပြုပေးသင့် ပါတယ်။ ဆံသားကို ချောမွေ့သွားအောင် အထောက်အကူဖြစ်စေမယ့် သဘာဝ ပါဝင်ပစ္စည်းများနဲ့ ထုတ်လုပ်တဲ့ ခေါင်းလျှော်ရည်မျိုးကို စမ်းသုံးပေးကြည့်သင့်ပါတယ်။

၂။ ဆံသားလေးများကို ငြင်သာစွာကိုင်တွယ်ပါ

ခေါင်းဖြီးခြင်းဟာ ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုပါ။ တစ်နေ့ကို နှစ်ကြိမ်ကန့်သတ်ထားပါ။ ဒီလိုဆိုရင် ဦးရေပြားကနေ ဆံသားအထိ ခေါင်းလိမ်းဆီ နေရာအနှံ့ ပြန့်နှံ့သွားစေနိုင်မှာ ဖြစ်ပါတယ်။ အမြဲတမ်း ဆံသားလေးတွေကို နူးညံ့စွာ ကိုင်တွယ်ဆောင်ရွက်ပါ။ ခေါင်းလျှော်တဲ့အခါ အခြောက်ခံတဲ့အခါမှာ အားထည့်ပြီး ကုတ်ခြင်းမျိုးကို မပြုလုပ်ပါနဲ့။

၃။ ဆံသားလေးများကို သဘာဝအတိုင်းထားပါ

စပရေးလ်တွေ၊ ဂျယ်လ်တွေဟာ ခြောက်သွေ့တဲ့ဆံသားများအတွက်တော့ ရန်သူတွေပါပဲ။ တကယ်လို့ မဖြစ်မနေအသုံးပြုရမယ်ဆိုရင်တော့ Shea butter, သံလွင်ဆီ နဲ့ ထောပတ်သီးဆီတို့လို သဘာဝပါဝင် ပစ္စည်းများနဲ့ ထုတ်လုပ်ထားတာတွေကို အသုံးပြုပေးသင့်ပြီး Sulphates ပါတာတွေကို ရှောင်သင့်ပါတယ်။

တကယ်လို့ သင်ဟာ မကြာခဏ ဆံပင်အရောင်ဆိုးတတ်သူ ဒါမှမဟုတ် ဓာတုပစ္စည်းတွေနဲ့ ဆံသားကို အမြဲ ထိတွေ့တတ်သူဆိုရင် ဒီလိုလုပ်တာတွေကို ၆လလောက် ရပ်ထားပေးပါ။ ခြားနားချက်ကို တွေ့မြင်ရပါလိမ့်မယ်။ ဒီအထဲမှာ ဆံပင်ဖြောင့်ခြင်း၊ ကောက်ခြင်း၊ လိပ်ခြင်းတို့လည်း ပါဝင်ပါတယ်။

၄။ ငါးကြီးဆီ

ငါးကြီးဆီမှာ ဆံသား ခြောက်သွေ့ခြင်းကို ကာကွယ်ပေးပြီး ရေဓာတ်ဖြည့်တင်းပေးတဲ့ omega 3 fatty acids ပါဝင်ပါတယ်။

၅။ ပျော့ဆေးအသုံးပြုပါ

ပျော့ဆေးသုံးတာတွေကို ကျော်မပစ်လိုက်ပါနဲ့။ ဆံသားခြောက်သွေ့သူများအတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ ပျော့ဆေးမျိုးနဲ့ ရေဓာတ်ဖြည့်တင်းပေးတဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုပေးသင့် ပါတယ်။ တစ်ပတ်မှာ တစ်ခါလောက် သေသေချာချာ ပျော့ဆေးသုံးပေးသင့်ပါတယ်။ ပျော့ဆေးသုံးပေးပြီး ရေနွေးနွေးနဲ့ စိမ်ထားတဲ့ သဘက်နဲ့ ထုပ်ပေါင်းပေးပါ။ ပြီး မိနစ်၂ဝနေရင် ခေါင်းလျှော်ပေးလိုက်ပါ။

၆။ အပူချိန်ကို လျှော့ချပါ

ဖြစ်နိုင်မယ်ဆိုရင် ဆံသားတွေကို လေနဲ့သာ အခြောက်ခံပါ။ မဖြစ်မနေ dryer ကို အသုံးရမယ် ဆိုရင်လည့် အပူချိန်ကို အနည်းဆုံးမှာ ထားထားပါ။ ဒီအချိန်မှာ ဆံသားကို ပျက်ဆီးစေတဲ့ လက်ကိုင် ဆံပင်လိပ်စက်၊ ဆံပင်ဖြောင့်စက်တွေကို အသုံးမပြုပေးသင့်ပါဘူး။

၇။ ကျန်းမာစွာ စားသုံးပါ ကျန်းမာစွာ နေထိုင်ပါ

ခြောက်သွေ့တဲ့ ဆံသားများကို ပြန်လည်ပြုပြင်ဖို့အတွက် အကောင်းဆုံးအစားအစာများ ဖြစ်တဲ့ အသားအမျိုးမျိုး၊ ပဲအမျိုးမျိုးနဲ့ အဆီပါဝင်မှုနည်းတဲ့ နို့ထွက်ပစ္စည်းများကို စားသုံးပေးသင့်ပါတယ်။

Ref : Beauty : 7 Ways To Go Gentle On Rough Hair
Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top