မိတ်ကပ်ခုမှစလိမ်းတဲ့ လေဒီလေးတို့ မဂွမ်းရစေဖို့ ရှောင်ရန်၊ ဆောင်ရန်များ

makeup-cosmetics-PMG4CJX.jpg

မိတ်ကပ်ကို ခုမှစပြီး လက်တည့်စမ်းကြည့်မယ့် မြီးကောင်ပေါက်လေးတွေ အတွက်ပါ။ လှလည်းလှနေရမယ်။ ပေါ့ပေါ့ပါးပါးလည်း ဖြစ်ရမယ်။ လိမ်းထားတဲ့ မိတ်ကပ်ကြောင့် ယုံကြည်မှုတွေပါ ရှိနေရမယ်။ ဒါပဲလေ။ အဲဒီလိုမှ မဟုတ်ရင် ဘာလို့ မိတ်ကပ်လိမ်းနေဦးမှာလဲနော်။

တကယ်တော့ မိတ်ကပ်လိမ်းတယ်ဆိုတာကလည်း ပန်းချီးကား တစ်ချပ်ကို ဆေးခြယ်နေရသလိုပါပဲ။ စိတ်ပါမယ်ဆို၊ စကေးရှိမယ်ဆို ဆေးစက်ကျရာတိုင်းက အသက်ဝင်နေတတ်ပြီး စိတ်မပါ၊ အလေ့အကျင့်ကလည်း မရှိဘူးဆို ပုံကောင်းက ဘယ်လိုမှ ထွက်မလာတော့ပါဘူး။ စိတ်မပူပါနဲ့။ နည်းလေးတွေရှိပါတယ်။ ဘရပ်ရှ်လေးတွေ ဘယ်လိုကိုင်ရမလဲဆိုတာကစလို့ ပါးပေါ် ဘယ်လိုမျိုး တင်ရမယ်ဆိုတာကအဆုံး၊ အသားအရေထိန်းသိမ်းနည်းလေးတွေအထိ အသေးစိတ် ပြောပြပေးသွားပါ့မယ်။ လွယ်ပါတယ်။ ဆက်ဖတ်ကြည့်လိုက်ကြပါ။

တွေ့သမျှလျှောက်မဝယ်ပါနဲ

ပြောချင်တာက သူများကောင်းတယ်ပြောတိုင်း၊ လိုတယ်ပြောတိုင်း လိုက်မဝယ်ပါနဲ့။ ပိုက်ဆံကုန်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အသားအရေက တူတာမှ မဟုတ်ဘဲ။ ကိုယ့်အသားအရေလေးက ဘာဆိုဘာမှ တင်ရသေးတာ မဟုတ်ဘူးလေ။ နုနုလေးရယ်။ အဲဒီတော့ သေချာရွေးပါ။ မဝယ်ခင် လည်ပင်း၊ လက်ဖမိုးနဲ့ မေးရိုးလေးတွေမှာ အရင်စမ်းကြည့်ပါ။ အဆင်ပြေပြီဆိုမှ ဝယ်ပါ။ ခုနပြောတဲ့ အသားအရေထိန်းသိမ်းနည်းဆိုတာ ဒီကစတာပါပဲ။ ပိုက်ဆံတွေ အများကြီးအကုန်ခံပြီး ကိုယ့်အသားအရေကိုယ် မဖျက်ဆီးလိုက်ပါနဲ့။

ဘရှပ်ရှ်ကောင်းကောင်းလေးတစ်စုံလောက်တော့ ဝယ်ထားပါ

စုံနေအောင်ပါတာမျိုးပေါ့။ စစချင်း ဘယ်ဘရှပ်ရှ်က ဘယ်နေရာအတွက် သုံးရမယ်ဆိုတာမျိုးကိုတော့ သင်သိဦးမှာ မဟုတ်ပါဘူး။ ဝယ်ထားလိုက်ပါ။ Youtube, Facebook, Instagram နဲ့ တခြား ဆိုရှယ်မီဒီယာတွေမှာ သုံးပြထားတွေရှိပါတယ်။ ရှာဖွေပါ။ လေ့လာပါ။ လက်နဲ့ လိမ်းရတာထက် ပိုအဆင်ပြေပါတယ်။ ပိုသပ်ရပ်သလို ပိုပြီးလည်း မိတ်ကပ်သား ညက်စေပါတယ်။ ဆိုလိုတာက နှာတံဖော်တာတို့၊ မေးရိုးချတာမျိုးတို့ဆိုတာတွေက ဘရှပ်ရှ်လေးရှိမှ အဆင်ပြေမှာလေ။ ဝယ်ထားလိုက်တော့နော်။

အသားအရေထိန်းသိမ်းပါ

ကိုယ့်အသားအရေက ဘယ်လို အမျိုးအစားလဲဆိုတာ သိနေဖို့ အလွန်အရေးကြီးပါတယ်။ ထပ်ပြောပါမယ်။ အရမ်းအရေးကြီးပါတယ်။ အဆီပြန်တတ်တဲ့သူတွေက oil free ပါတဲ့ ထုတ်ကုန်တွေကို ရွေးချယ် အသုံးပြုသင့်ပြီး အသားခြောက်တဲ့သူတွေဆိုရင်တော့ ရေဓာတ် ပါဝင်မှုများတဲ့ ပစ္စည်းမျိုးတွေကို ရွေးချယ်သင့်ပါတယ်။ ပုံမှန် အသားအရေထိန်းသိမ်းပေးပါ။ ဒါမှ နည်းနည်းလေးလိမ်းပြီး များများ glow ဖြစ်နေမှာပေါ့။ အသားအရေကောင်းလေ မိတ်ကပ်သား လှလေဆိုတာကိုလည်း သင်သိပြီးသားဖြစ်မှာပါ။

အသားရောင်နဲ့လိုက်တဲ့ ဖောင်ဒေးရှင်းကိုပဲသုံးပါ

တော်တော်များများ အာရှသူတွေရဲ့ အသားအရေက ဝင်းပါတယ်။ အဲဒါမို့ အနောက်တိုင်းက မော်ဒယ်လ်တွေ၊ မင်းသမီးတွေ လိမ်းသလိုမျိုး အရမ်းဖြူနေတဲ့ မိက်ကက်သားမျိုးတွေကို လိမ်းလို့ မရပါဘူး။ ပြာပြီး မဲသွားတတ်ပါတယ်။ အဝါဖောက်တဲ့ မိတ်ကပ်သားမျိုးကိုသာရှာပါ။ တချို့ မိတ်ကပ်တွေက အချိန်ကြာလာရင် အရောင်ပြောင်းသွားတတ်လို့ သေချာ ရွေးချယ်စေချင်ပါတယ်။ အဆီပြန်တတ်တဲ့သူတွေက ပိုသတိထားရပါတယ်။ မိတ်ကပ် ကွက်တတ်တဲ့အတွက် မိတ်ကပ် မလိမ်းခင် skincare step တွေကို စိတ်ရှည်ရှည်နဲ့ သေချာလေးလိမ်းထားပါ။ တစ်ဆင့်နဲ့ တစ်ဆင့်ကြား (၂) မိနစ်လောက်တော့ ခြားပေးပါ။ အသား ခြောက်တတ်တဲ့သူဆိုရင်တော့ ရေဓာတ် ပါဝင်မှု များတာမျိုးကို ရွေးပေါ့။

ကွန်ဆယ်လာလည်းသုံးပေးပါ

အထူးသဖြင့် ဝက်ခြံပေါက်တတ်တဲ့ အသားအရေပိုင်ရှင်တွေ အတွက်ပါ။ မျက်ကွင်းညိုတဲ့သူတွေလည်း ပါပါတယ်။ မျက်နှာပေါ်မှာ ဝက်ခြံပေါက်နေမယ်။ ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမာရွတ်တွေရှိမယ်။ အဲဒီလိုဆို ဖောင်ဒေးရှင်းမတင်မီ က်ိုယ်ဖုံးချင်တဲ့နေရာလေးပေါ်တို့လိမ်းပေးလိုက်ပါ။ ပြန်ဖြန့်ဖို့တော့ မမေ့နဲ့တော့။ တော်ကြာအတုံးလိုက်ကြီး တစ်နေရာတည်းစုနေမှ ပိုကြည့်ရဆိုးနေဦးမယ်။ သတိထားပါ။ စစလိမ်းချင်း အများကြီးမတင်မိပါစေနဲ့။

မျက်ခုံးမွေးကို လုံးဝမမေ့ပါနဲ့

မျက်နှာတစ်ခုလုံးရဲ့ အသက်က မျက်ခုံးမွေးပါ။ နည်းနည်းလေးပဲ ကာလာတင်ကြည့်ပါဦး။ ရုပ်ကအများကြီး ပြောင်းသွားမှာ။ အဲဒီမှာမှ ကိုယ့်မျက်နှာနဲ့ လိုက်မယ့်ပုံစံကို ကြည့်ပြီး ပုံသွင်းပါ။ ထပ်ခါထပ်ခါ မဆွဲမိစေနဲ့နော်။ ထူထဲနေရင်ဘယ်လိုမှ ကြည့်လို့လှမှာ မဟုတ်တော့ဘူးရယ်။ ကိုယ့်မျက်ခုံးမွေးပေါ်လိုက်ပြီး အနားလိုင်းလေးတွေ အရင်ဆွဲ။ ပြီးမှအထဲကို ပြန်ဖြည့်ဆွဲ။ အစွန်းထွက်နေတာလေးတွေကိုက မိတ်ကပ်သုတ်ထားတဲ့ နားကြပ်ဂွမ်းနဲ့ ဖွဖွလေးလိုက်ဖျက်။ ဖွဖွလေးနော်။ ဖိမဖျက်နဲ့။ နီသွားတတ်တယ်။ အောက်ခံ ဖောင်ဒေးရှင်းကိုလည်း ကွက်သွားစေပါတယ်။

နှုတ်ခမ်းနီ

မိန်းကလေးတိုင်းအတွက် မရှိမဖြစ်ပေါ့။ အနည်းဆုံး မိတ်ကပ် မလိမ်းတတ်ဘူးဆိုတဲ့သူတွေတောင်မှ နှုတ်ခမ်းနီကတော့ ဆိုးကြတာပဲလေ။ ဒီနေရာမှာ အောက်ခံ နှုတ်ခမ်းသားက နူးညံ့နေဖို့ လိုပါတယ်။ ခြောက်သွေ့ အက်ကွဲနေမယ်ဆို ဆိုးလိုက်တဲ့ နှုတ်ခမ်းနီက ဂွမ်းသွားတတ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ နှုတ်ခမ်းက အရောင် ရင့်နေမယ်ဆိုရင်လည်း အရောင်ဖျော့ဖျော့ နှုတ်ခမ်းနီတွေဆိုးဘို့ မရပြန်ပါဘူး။ အရောင်လွဲသွားတတ်ပါတယ်။ အဲဒါဆိုဘယ်လိုလုပ်မလဲ။ exfoliate ပုံမှန်လုပ်ပေးပါ။ ဒါမှ ဆဲလ်သေတွေ ကွာကျပြီး နှုတ်ခမ်းသားလေးက အမြဲရဲစိုနေမှာပါ။

ကဲ …. ဒီလောက်ဆို မိတ်ကပ်စလိမ်းမယ့်ပျိုမေတို့လည်း သိသင့်သလောက် သိသွားလောက်ပြီ ထင်ပါတယ်။ နောက်ထပ် မှာချင်တာကတော့ ညအိပ်ယာမဝင်ခင် မျက်နှာသစ်ပေးပါ။ ရေများများသောက်ပါ။ အသားအရေထိန်းသိမ်းပါ။ မိတ်ကပ်မဖျက်ဘဲ အိပ်ယာမဝင်ပါနဲ့။ ဝမ်းမှန်ပါစေ။ အလှပြင်ပစ္စည်းတွေ အစုံလျှောက်သုံးပြီး ကိုယ့်မျက်နှာကိုယ် မဖျက်ဆီးပစ်ပါနဲ့။ လှပပြီးယုံကြည်ချက်ရှိတဲ့ မိတ်ကပ် အပြင်အဆင်မျိုးလေးနဲ့ လန်းချင်တိုင်းလန်းလို့ရပါစေလို့ စာရေးသူက ဆုတောင်းပေးလိုက်ပါတယ်နော်။

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top