Xiong Jing Nan ကို အနိုင်ရယူခြင်းအားဖြင့် မိမိ၏စိတ်ရှည်သည်းခံမှုရလဒ်ကို မြင်တွေ့ရရန် Angela Lee မျှော်လင့်

image1-1.png

ONE အမျိုးသမီး အက်တမ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံကို ပိုင်ဆိုင်ထားသော “Unstoppable”
Angela Lee သည် အသက်အရွယ် ငယ်ရွယ်သေးသော်လည်း ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားသက်တမ်းတစ်လျှောက်တွင် အောင်မြင်မှုများ ရယူပိုင်ဆိုင်ထားပြီးဖြစ်သည်။

Lee သည် ၂၀၁၇ ခုနှစ် မတ်လတွင် ချန်ပီယံဆုကို ရယူသိမ်းပိုက်နိုင်ခဲ့ကာ ပွဲဦးထွက်ပြိုင်ပွဲမှစ၍ ၎င်း၏ ပရော်ဖက်ရှင်နယ်ပြိုင်ပွဲမှတ်တမ်းတွင် ရှုံးပွဲမရှိစံချိန်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ Lee အနေဖြင့် ဤသို့သောအောင်မြင်မှုများကို အရယူနိုင်ခြင်းသည် ၎င်း၏ ကိုယ်စွမ်းဉာဏ်စွမ်းများကြောင့် အရယူနိုင်ခြင်းဖြစ်သည်ဟု အများကသိရှိလက်ခံထားကြသည်။ သို့သော် ထဲထဲဝင်ဝင်လေ့လာကြည့်မည်ဆိုလျှင် ယခုကဲ့သို့ အောင်မြင်ရခြင်း၏ အဓိကအကြောင်းရင်းသည် စိတ်ရှည်သည်းခံနိုင်မှု၏ ရလဒ်ပင်ဖြစ်ကြောင်း Lee ကဆိုသည်။

“ဒါက လေ့ကျင့်မှုတစ်ခုပါ။ ကျွန်မ လေ့လာသင်ယူနေတုန်းပါ” ဟု Lee ကဆိုသည်။

“ကျွန်မ ဒီအလေ့အကျင့်ကို ပိုကောင်းအောင်မွေးမြူနေတုန်းပါ။ ကျွန်မအနားမှာ သိပ်ကိုတော်တဲ့ ဆရာတွေရှိနေတာက သိပ်ကိုအထောက်အကူဖြစ်စေတဲ့အရာတစ်ခုပါ။ ကျွန်မမိဘတွေက ဒီခရီးရှည်ကြီးရဲ့ အရေးကြီးတဲ့နေရာတွေမှာပါဝင်ပါတယ်။ သူတို့ ကျွန်မဘဝနဲ့ပတ်သတ်တဲ့ ကောင်းမွန်တဲ့အကြံဉာဏ်တွေပေးခဲ့ပါတယ်။ သူတို့က ဘာပဲဖြစ်ဖြစ် ကျွန်မအတွက် အကောင်းဆုံးဆိုတာတွေပဲ ဖြစ်စေချင်ကြတယ်။ ကျွန်မတို့မှာ ခိုင်မြဲတဲ့သံယောဇဉ်တွေရှိတဲ့အတွက် ကျွန်မအဖို့ သိပ်ကို အထောက်အကူဖြစ်စေပါတယ်။ ပြီးတော့ ကျွန်မလုပ်တဲ့အလုပ်ကို ကျွန်မချစ်တယ်။ ကျွန်မ လူတွေနဲ့စကားပြောဆိုရတာ၊ ကျွန်မချစ်တဲ့အလုပ်ကိုလုပ်နိုင်တာ၊ လူအများနဲ့ မျှဝေနိုင်တာတွေကို သဘောကျတယ်။ ဒီလိုဘဝမျိုးရတဲ့အတွက် ကျွန်မ တကယ့်ကို ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ဆိုသည်။

မကြာသေးခင်ကာလက ONE အမျိုးသမီး စတောဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပိုင်ဆိုင်ထားသော Xiong Jing Nan နှင့် ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ရခြင်းသည် Lee ၏ စိတ်ရှည်သည်းခံနိုင်မှုစွမ်းရည်ကို စမ်းသပ်လိုက်ခြင်းပင်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို ပထမက ယမန်နှစ် နိုဝင်ဘာလက ကျင်းပရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ အသက် (၂၂) နှစ်အရွယ်ရှိပြီဖြစ်သော နာမည်ကျော် ကိုယ်ခံပညာကစားသမား Lee သည် ကြိုးဝိုင်းအတွင်းသို့မဝင်မီ ရက်သတ္တပတ် အနည်းငယ်အလိုတွင် ခါးဆစ်ရိုးထိခိုက်မှုကြောင့် ONE ၏ ကျန်းမာရေးစစ်ဆေးမှုအဖွဲ့က ၎င်းကို ပြိုင်ပွဲယှဉ်ပြိုင်ရန်မသင့်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိခဲ့သော်လည်း ထိုအချိန်က Lee သည် ကုမ္ပဏီ၏ ဆုံးဖြတ်ချက်ကို နားလည်စွာနှင့် ၎င်း၏ ကံတရားကိုလက်ခံခဲ့သည်။ ထိုဆုံးဖြတ်ချက်သည် ၎င်း၏ ဘေးကင်းလုံခြုံရေးနှင့် ကစားသမားသက်တမ်းရှည်ကြာရေးအတွက်ဆိုသည်ကို သဘောပေါက် နားလည်ခဲ့သည်။ အကယ်၍ ဒဏ်ရာနှင့်သာ ယှဉ်ပြိုင်ဖြစ်ခဲ့လျှင် မည်သို့ဖြစ်လာမည်ကို မည်သူမျှသိနိုင်မည်မဟုတ်ပါ။

“ဒီအချိန်မှာ လုံးဝရိုးသားဖို့လိုပါတယ်။ မိမိကိုယ်ကိုရိုးသားချင်းက ကိုယ်ခံပညာရပ်မှာ သိပ်အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်တယ်။ ဒီအချက်ကတော့ ကျွန်မရဲ့ ရှေ့လျှောက်ခရီးအတွက် သင်ယူရဦးမယ့်အရာပါ” ဟု Lee က ဆိုသည်။

“လူတိုင်းကိုညာပြီး ‘ကျွန်မအဆင်ပြေပါတယ်’ လို့ပြောလို့ရပေမယ့် ကိုယ့်ကိုယ်ကိုတော့ လိမ်လို့မရပါဘူး။ ကောင်းတာလုပ်နေတာလား၊ မကောင်းတာလုပ်နေတာလားဆိုတာ ဖုံးကွယ်ထားလို့မရပါဘူး။ ဒါ့ပေါ့ ကိုယ်ခံပညာကစားသမားတစ်ယောက်အနေနဲ့ အခက်အခဲတွေ ကျော်လွှားနိုင်အောင် စိတ်ဓာတ်ကြံ့ခိုင်မှုကို လေ့ကျင့်ထားရပါတယ်။ ဒါပေမဲ့ နောက်ဆုတ်ရတဲ့ အချိန်မျိုးရောက်လာတတ်ပါတယ်။ ကိုယ့်ကိုယ်ကို ရိုးသားပါ။ ‘အခု အချိန်မတန်သေးဘူူး။ ငါနားဖို့လိုတယ်၊ ကစားသမားသက်တမ်းကိုပိုရှည်အောင် ကိုယ့်ခန္ဓာကိုယ်အတွက် ပါးနပ်တဲ့ဆုံးဖြတ်ချက်ချရမယ်’လို့ ကိုယ့်ကိုယ်ကို သတိပေးရတယ်။ ဒီလိုမှမဟုတ်ရင် ကျန်းမာရေးအခြေအနေက ပိုဆိုးတာမျိုးဖြစ်နိုင်တယ်လေ” ဟု ၎င်းက ဆိုသည်။

Lee ၏ စိတ်ရှည်သည်းခံမှုကြောင့် ယခုအခါ ရလဒ်ကောင်းရရှိလာပြီဖြစ်သည်။ Xiong နှင့်ပြိုင်ပွဲကို ပြန်လည်စီစဉ်ခဲ့သည်။ ယခုအခါ ၎င်းတို့ (၂) ဦးသည် မတ်လ (၃၁) ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ နာမည်ကျော် Ryogoku Kokugikan အားကစားရုံကြီး၌ ကျင်းပမည့်
ONE: A NEW ERA ပြိုင်ပွဲကြီးတွင် ထိပ်တိုက်ရင်ဆိုင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ယခုပွဲစဉ်သည် လွန်စွာအန္တရာယ်များသောပွဲစဉ်ဖြစ်ကာ Lee သည် အပြင်းအထန်ကြိုးစားလေ့ကျင့်ခဲ့သည်။ Lee သည် စခန်းသွင်းလေ့ကျင်ရေးကို ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့သည်။ စစ်မှန်ကောင်းမွန်သော လူများ မိမိ၏ ပတ်ဝန်းကျင်တွင်ရှိနေရန် အရေးကြီးသည်ဟု ၎င်းကအလေးအနက်ပြောကြားခဲ့သည့်အပြင် ထိုအချက်သည်ပင် ၎င်းကို အောင်မြင်မှုများဆွတ်ခူးနိုင်စေခဲ့သော အဓိကအကြောင်းရင်းတစ်ချက်လည်းဖြစ်သည်။

အကယ်၍ Lee သည် Xiong ကို အနိုင်ရရှိခဲ့ပါက မတူညီသော ဝိတ်တန်း ၂ ခု၏ ကမ္ဘာ့ချန်ပီယံခါးပတ် (၂) ခုကို တစ်ပြိုင်နက်တည်းရယူထားနိုင်သည့် ပထမဦးဆုံး အမျိုးသမီးကစားသမားတစ်ဦးဖြစ်လာမည်ဖြစ်သည်။

“လူတိုင်းမှာ မတူညီတဲ့ထင်မြင်ယူဆချက်တွေရှိနိုင်တဲ့အတွက် ကိုယ့်ဘေးမှာ ကိုယ့်ကိုကူညီပေးမယ့်အဖွဲ့တစ်ခုလိုအပ်ပါတယ်” ဟု Lee ကဆိုသည်။

“လူတိုင်းမှာမတူညီတဲ့ အတွေးအမြင်တွေရှိပါတယ်။ ပြီးတော့ ကျွန်မတို့ ဆုံးဖြတ်ချက်တွေ ချရတဲ့အခါမှာ ကျွန်မရဲ့ပြိုင်ပွဲကိစ္စဖြစ်ဖြစ်၊ Christian ဒါမှမဟုတ် Bruno ရဲ့ပြိုင်ပွဲဖြစ်ဖြစ် ကျွန်မတို့ မိသားစုအနေနဲ့ ဆွေးနွေးဆုံးဖြတ်ကြတယ်။ Christian က ကျွန်မရဲ့ဘဝအတွက် ဝင်ပြီး အကြံပေးနိုင်သလို ကျွန်မ အမေ၊ အဖေနဲ့ Bruno ကလည်း ဝင်ပြီး ဆွေးနွေးပြောဆိုနိုင်ပါတယ်။ ကျွန်မတို့ ဒီလိုပုံစံနဲ့ဆုံးဖြတ်ကြပါတယ်။ အာဏာသုံးပြီးဆုံးဖြတ်တာ မဟုတ်ပါဘူး။ လူတွေကို သူတို့အမြင်တွေ လွတ်လပ်စွာ ပြောဆိုဆွေးနွေးဖို့ ခွင့်ပြုပေးနိုင်ခြင်းဟာ အရေးကြီးပါတယ်။ သူတို့ဟာ ကိုယ့်ကို ချစ်ခင်ပြီး ကိုယ့်အကြောင်းကို ကောင်းကောင်းသိထားတဲ့သူတွေပါ။ သူတို့ကို ပြောဆိုခွင့်ပေးဖို့လိုပါတယ်”ဟု ၎င်းက ဆိုသည်။

Ref: ONE Championship

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top