ONE: CENTURY PART-1 ပြိုင်ပွဲမှ လေ့လာသင်ယူစရာ သင်ခန်းစာ ၄ ခု

yyl-17-034.jpg

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship က ပြိုင်ပွဲ ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ်ပြုလုပ်ခဲ့သည့် ONE: CENTURY ပြိုင်ပွဲကြီးကို အောက်တိုဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Ryogoku Kokugikan အားကစားရုံ၌ ခမ်းနားသိုက် မြိုက်စွာဖြင့် ကျင်းပပြီးစီးသွားခဲ့ပြီဖြစ်သည်။ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမိုင်းတစ်လျှောက် တစ်ခါမှ မကျင်းပခဲ့ဖူးသည့် ကမ္ဘာ့ချန်ပီယံ ၂၈ ဦးပါဝင်သော တွဲဆိုင်း ၂၂ ဆိုင်းဖြင့် ပထမပိုင်း၊ ဒုတိယပိုင်း နှစ်ပိုင်းခွဲကျင်းပခဲ့သော ONE: CENTURY ပြိုင်ပွဲအပြီး လေ့လာမှတ်သားစရာ သင်ခန်းစာများစွာရှိခဲ့သည်။ ထိုအထဲကမှ နံနက်ပိုင်းတွင်ကျင်းပသော ONE: CENTURY PART-1 ပြိုင်ပွဲအတွင်း မြင်တွေ့ခဲ့ရသော လေ့လာမှတ်သားစရာ သင်ခန်းစာ ၄ ခုကို ဖော်ပြလိုက်ပါသည်။

၁။ ဂျပန်နိုင်ငံသားများ၏ စိတ်ဓာတ်ကြံ့ခိုင်မှု

ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတစ်ခုဖြစ်သည့် ဂျပန်နိုင်ငံနှင့်ပတ်သက်၍ အခြားနိုင်ငံများ၊ လူမျိုးများ လေးစားအားကျရသည့် အပြုအ မူများ အမြောက်အမြားရှိသည်။ ဂျပန်လူမျိုးများသည် အလုပ်ကြိုးစားခြင်း၊ အချိန်တိကျခြင်း၊ စည်းကမ်းသေဝပ်ခြင်း၊ မည်သည့်အခက် အခဲနှင့် ရင်ဆိုင်ကြုံတွေ့ရသည်ဖြစ်စေ အောင်မြင်စွာကျော်ဖြတ်နိုင်ခြင်းများပင်ဖြစ်သည်။ အထူးသဖြင့် ငလျင်ဘေး၊ မုန်တိုင်းဘေးစ သည့် သဘာဝဘေးအန္တရာယ်များနှင့် အမြဲတစေကြုံတွေ့နေရသည့် ဂျပန်နိုင်ငံသားများအတွက် မလဲပြိုသွားဘဲ ကြံ့ကြံ့ခံနိုင်သော စိတ်ဓာတ်က အထူးလေးစားစရာပင်ဖြစ်သည်။
ONE: CENTURY ပြိုင်ပွဲကြီးမကျင်းပမီ ရက်ပိုင်းအတွင်းမှာပင် ပြင်းအားများသည့် တိုင်ဖွန်းမုန်တိုင်း Hagibis ကြောင့် ဂျပန်တစ်နိုင်ငံလုံး ကြုံတွေ့ရနိုင်သော ဘေးဒုက္ခများအတွက် အသင့်ပြင်ဆင်ထားခဲ့ရသည်။ အောက်တိုဘာ ၁၂ ရက်တွင် တိုက်ခတ်သောမုန်တိုင်းကြောင့် အနည်းဆုံး လူ ၁၈ ဦးခန့်သေဆုံးသွားခဲ့သလို ရေမိုးလွှမ်းမှုများလည်းဖြစ်ပေါ်ခဲ့သည်။ လျှပ်စစ်မီးများလည်းပြတ်တောက်ခဲ့သလို ပျောက် ဆုံးနေသူများလည်းရှိသည်။ မုန်တိုင်းတိုက်ခတ်နေချိန်တွင် ONE: CENTURY ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြသည့် ဂျပန် အားကစားသမားများအနေဖြင့်လည်း မိမိတို့လူမျိုးများ အတိဒုက္ခရောက်နေချိန် ပြိုင်ပွဲဝင်သင့်၊ မဝင်သင့် ဝေခွဲမရဖြစ်ခဲ့သည်။

ONE: CENTURY ပြိုင်ပွဲသို့ ဂျပန်အားကစားသမား ၁၂ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အချင်းချင်းပြန်လည်ဆုံတွေ့သော တွဲဆိုင်းက ၂ ဆိုင်းရှိသည်။ အခြားနိုင်ငံများမှ အားကစားသမားများနှင့်ယှဉ်ပြိုင်ရသော ဂျပန် အားကစားသမား အရေအတွက်က ၈ ဦးရှိသည်။ မိမိလူ မျိုးများ ဘေးဒုက္ခရောက်နေချိန်တွင် ပြိုင်ပွဲဝင်နေရသည့် ဂျပန်အားကစားသမားများ၏ စိတ်ထဲတွင် ပြိုင်ပွဲအပေါ် အာရုံအပြည့်အဝမစိုက် နိုင်ခြင်းမျိုး ရှိနိုင်သည်။ သို့သော်လည်း ပရော်ဖက်ရှင်နယ်အားကစားသမားပီပီ ဂျပန်အားကစားသမားများသည် အပူသောကများကို ဘေးချိတ်ကာ အကောင်းဆုံးယှဉ်ပြိုင်ခဲ့သည်။
ပြည်ပကစားသမားများနှင့်ယှဉ်ပြိုင်ရသော ဂျပန်အားကစားသမားများအနက် Senzo Ikeda တစ်ဦးတည်းသာရှုံးပွဲကြုံခဲ့ပြီး ကျန် ၇ ဦးစ လုံး နိုင်ပွဲရယူနိုင်ခဲ့သည်။ ထို့ကြောင့် ဂျပန်အားကစားသမားများ၏ စိတ်ဓာတ်ပိုင်းကြံ့ခိုင်မှုနှင့် ရင်ဆိုင်ရသော ဒုက္ခများကို တည်တည် ငြိမ်ငြိမ်ရင်ဆိုင်ဖြေရှင်းရဲသည့်လုပ်ရပ်များက လေးစားချီးကျူးဖွယ်ရာပင်။

၂။ တိကျရေရာသည့် မူဝါဒများနှင့် ရပ်တည်နေသော အဖွဲ့အစည်း

အာရှတိုက်၏ အကြီးမားဆုံးကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းလည်းဖြစ်သည့် ONE Championship သည် လုပ်ငန်းလုပ်ဆောင်ရာ တွင် တိကျသည့်မူဝါဒ၊ ခိုင်မာသည့်ရည်မှန်ချက်ဖြင့် ရပ်တည်နေသော အဖွဲ့အစည်းဖြစ်သည်။ ONE: CENTURY ပြိုင်ပွဲသည် ကိုယ်ခံပ ညာသိုင်းပေါင်းစုံအားကစားနယ်ပယ်တွင် တစ်ခါမှမရှိဖူးသည့် ကမ္ဘာ့ချန်ပီယံပေါင်းများစွာ၏ တွဲဆိုင်းများအပြင် တစ်ရက်တာကာလအ တွင်း တွဲဆိုင်း ၂၂ ဆိုင်းဖြင့် ခမ်းခမ်းနားနား စီစဉ်တင်ဆက်ခဲ့ခြင်းဖြစ်သည်။ ထိုပြိုင်ပွဲအတွက် လပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့ရပြီး အ ခမ်းနားဆုံးနှင့် အောင်အောင်မြင်မြင်ကျင်းပနိုင်ရန် ကြိုးစားပြင်ဆင်ခဲ့ရသည်။
ထိုသို့ ကြိုးစားလာခဲ့ပြီးမှ ကံအကြောင်းမလှစွာပင် တိုကျိုမြို့တော်၏ တောင်ဘက်ပိုင်းကို ဝင်ရောက်တိုက်ခတ်မည့် မုန်တိုင်းသတင်းက သတင်းဆိုးတစ်ခုဖြစ်လာခဲ့သည်။ ထို့ကြောင့် ပြိုင်ပွဲကျင်းပရန် မဖြစ်နိုင်တော့ဆိုသော သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။ သို့ သော်လည်း ခိုင်မာသည့်မူဝါဒများနှင့်လျှောက်လှမ်းနေသည့် ONE Championship က အလုပ်နှင့် သက်သေပြခဲ့သည်။ ပြိုင်ပွဲအား ရွှေ့ ဆိုင်းခဲ့ခြင်းမရှိသလို သတ်မှတ်ထားသည့်အချိန်တွင် ကျင်းပမည်ဆိုသည့်မူဝါဒကိုပြသကာ သတ်မှတ်ချိန်အတိုင်း အတိအကျကျင်းပနိုင် ခဲ့သည်။

ONE အမှုဆောင်အရာရှိချုပ် Chatri Sityodtong ကလည်း မုန်တိုင်းကြောင့် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေ၍ လာမကြည့်နိုင်သည့် ပရိသတ်များအတွက် လက်မှတ်ခများ ပြန်လည်ပေးချေသွားမည်ဟု ၎င်း၏ လူမှုကွန်ရက်တွင်ရေးသားထားသည်။ အဆိုပါ အချက်များကိုကြည့်လျှင် ONE Championship သည် ခိုင်မာသည့်မူဝါဒများနှင့် လျှောက်လှမ်းနေသော အဖွဲ့အစည်းဖြစ်သည်ဆိုခြင်းကို ထင်ရှားစေသလို ပရိသတ်များအပေါ်တွင်လည်း စေတနာအပြည့်ထားသည်ကို မြင်နိုင်သည်။

၃။ ဂဠုန်ပြည် ဂဠုန်၊ နဂါးပြည် နဂါး

မြန်မာစကားပုံတွင် ဂဠုန်ပြည် ဂဠုန်၊ နဂါးပြည် နဂါးဆိုသည့် စကားပုံတစ်ခုရှိသည်။ ကိုယ်ကျင်လည်ရာနယ်ပယ်တွင် ကိုယ်သာလျှင် ဘု ရင်တစ်ဆူဖြစ်သည်။ အခြားလူများကို ဘုရင်ဖြစ်ခွင့်မပေးနိုင်ဆိုသည်ကို ပြောလိုရင်းဖြစ်သည်။ မိမိကျင်လည်ကျက်စားရာနယ်ပယ်ကို စိုး မိုးလာမည့် မည်သူ့ကိုမဆို အလွယ်တကူအရှုံးမပေးဘဲ အကောင်းဆုံးရင်ဆိုင်ကာ ဘုရင်အဖြစ် သက်သေထူသည့် အဖြစ်အပျက်များစွာ ရှိခဲ့သည်။ ONE: CENTURY PART-1 တွင်လည်း အဆိုပါအဖြစ်အပျက်ကို မြင်တွေ့နိုင်သည်။

အဓိက တွဲဆိုင်းအဖြစ်ယှဉ်ပြိုင်သော အမျိုးသမီး အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံတွဲဆိုင်းက ဂဠုန်ပြည် ဂဠုန်၊ နဂါးပြည် နဂါးဆို သည့်ဆိုရိုးမှန်ကန်ကြောင်း သက်သေထူခဲ့သည်။ လက်ရှိချန်ပီယံ စင်ကာပူအားကစားသမား “Unstoppable” Angela Lee ကို စတော ဝိတ်တန်းကမ္ဘာ့ချန်ပီယံ တရုတ်အားကစားသမား “The Panda” Xiong Jing Nan က ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံဖြစ်ရေးအတွက် စိန် ခေါ်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်က တိုကျိုတွင်ပင်ပြုလုပ်သော ONE: A NEW ERA ပြိုင်ပွဲတွင် တရုတ်အား ကစားသမားက ၎င်း၏ စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို စိန်ခေါ်လာသူ Angela Lee ကို ပဉ္စမအချီ၌ ဒိုင်ပွဲရပ်အနိုင်ရခဲ့သည်။

ယခု ဒုတိယအကြိမ်တွေ့ဆုံမှုတွင်တော့ အခြေအနေက ပြောင်းပြန်ဖြစ်ခဲ့ပြီး စင်ကာပူအားကစားသမား၏ ဝိတ်တန်းသို့ Xiong Jing Nan က လာရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ဒုတိယမ္ပိ တွေ့ဆုံမှုက ပထမတစ်ကြိမ်ကလိုပင် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး မြေပြင်ချုပ်ကွက်ပိုင်း ပိုမို ပိုင်နိုင်သော Angela Lee က ပွဲပြီးရန် ၁၂ စက္ကန့်အလိုတွင် အဆိုပါနည်းဗျူဟာဖြင့် အနိုင်ရခဲ့သည်။ ကိုယ့်နယ်ပယ်တွင် ကိုယ်သာလျှင် ဘုရင်တစ်ဆူဖြစ်ရမည်ဆိုသော နိယာမကို Angela Lee က အကောင်းဆုံးသက်သေ ပြသသွားခဲ့ခြင်းဖြစ်ပြီး ဂဠုန်ပြည်တွင် နဂါးက ဘုရင်တစ်ဆူလို မနေနိုင်ဆိုသည့် အဓိပ္ပာယ်ကိုလည်း လှစ်ဟပြခဲ့သည်။

၄။ မိသားစု၏ ကူညီဖေးမမှု

လောကတွင် အနွေးထွေးဆုံး၊ အလုံခြုံဆုံးသောနေရာက မိသားစုနှင့်အတူ သိုက်သိုက်ဝန်းဝန်း နေထိုင်ရခြင်းပင်ဖြစ်သည်။ မိသားစုဝင် များ၏ နွေးထွေးပျူဌာမှု၊ ကူညီရိုင်းပင်းမှုများက အနာဂတ်အတွက် အားတက်စရာဖြစ်ပြီး လမ်းမှားရောက်နေသူကို လမ်းကြောင်းမှန်ပေါ် သို့ ပြန်ရောက်လာအောင် ပဲ့ပြင်နိုင်စွမ်းလည်းရှိသည်။ မိသားစုဝင်များ၏ အကြံကောင်းဉာဏ်ကောင်းများကြောင့် အမှားကိုသိကာ အမှန် ကို လုပ်ဆောင်နိုင်သည့် အဖြစ်အပျက်များစွာရှိသည်။

Angela Lee နှင့် Xiong Jing Nan တို့တွဲဆိုင်းတွင် မိသားစုဝင်များ၏ နွေးထွေးပျူဌာသော ချစ်ခြင်းမေတ္တာနှင့် ကူညီဖေးမမှုကို မြင်တွေ့ ခံစားနိုင်သည်။ သိုင်းပေါင်းစုံကိုယ်ခံပညာရှင် မိဘနှစ်ပါးမှမွေးဖွားလာသော Angela Lee ၏နည်းပြက ဖခင်ဖြစ်သူ Ken Lee ဖြစ်ပြီး မောင်ဖြစ်သူ ONE လိုက်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ Christian “The Warrior” Lee ကလည်း လိုအပ်သည့်အကြံဉာဏ်များကို ပေးလေ့ရှိ သည်။ Christian Lee မှာ အစ်မဖြစ်သူ၏ တွဲဆိုင်းမယှဉ်ပြိုင်မီ လိုက်ဝိတ်တန်း ဂရင်းပရီဗိုလ်လုပွဲတွဲဆိုင်းအဖြစ် တူရကီအားကစားသမား Saygid Guseyn “Dagi” Arslanaliev နှင့်ယှဉ်ပြိုင်ကာ အမှတ်ဖြင့်အနိုင်ရခဲ့သည်။ ခါးပတ်နှစ်ခုရထားသော Christian Lee မှာ ၎င်း၏တွဲဆိုင်းယှဉ်ပြိုင်ပြီးသော်လည်း အေးအေးလူလူ အနားမယူနိုင်ဘဲ အစ်မဖြစ်သူယှဉ်ပြိုင်သည့်အခါ ဖခင်ဖြစ်သူနှင့်အတူ အကူလူအဖြစ်တာ ဝန်ထမ်းဆောင်ခဲ့သည်။

ပြိုင်ပွဲယှဉ်ပြိုင်နေချိန်အတွင်း ကြိုးဝိုင်းအတွင်းနှင့် အပြင်ဘက်တွင်သာ အားနည်းချက်နှင့် အားသာချက်များကို သားအဖနှစ်ဦးက ညွှန် ကြားနေသောကြောင့် Angela Lee အတွက် အားတက်ရသလို နွေးထွေးလုံခြုံမှုကိုလည်း ခံစားနိုင်သည်ဟု ဆိုနိုင်သည်။ Xiong Jing Nan ဘက်တွင်လည်း Bali MMA မှနည်းပြနှင့် အကူလူများလိုက်ပါလာသော်လည်း မိသားစုဝင်များမဟုတ်သောကြောင့် စင်ကာပူအား ကစားသမားလောက် နွေးထွေးသောမေတ္တာကို ရနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် Angela Lee ၏ နိုင်ပွဲကို ပြန်လည်သုံးသပ်ရာတွင် မိ သားစုဝင်များ၏ နွေးထွေးပျူဌာသော ကူညီရိုင်းပင်းမှုနှင့် အကြံကောင်းဉာဏ်ကောင်းများပေးနိုင်မှုတို့ကို ချစ်ခြင်းတရားဖြင့် ခံစားနိုင်မည် ဖြစ်သည်။

ONE: Dawn of Valor ပြိုင်ပွဲကို လာမည့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ONE ဝယ်တာဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲ ပါဝင်မည်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားမယ် အန်တိုနီယာသည်လည်း အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top