Kim ကို အနိုင်ယူမည့်ပွဲတွင် မလေးရှားရောက် မြန်မာပရိသတ်များ လာရောက်အားပေးရန် တီရဲလ်ထန် တိုက်တွန်း

Tial-Thang-IMG_0802-1200x800.jpg

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship သည် ၂၀၁၉ ခုနှစ်ကို နှုတ်ဆက်သည့်အနေဖြင့် ယခုနှစ် အတွင်း ၂၁ ကြိမ်မြောက်ပြိုင်ပွဲအဖြစ် ONE: MARK OF GREATNESS ပြိုင်ပွဲအား မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Axiata Arena အားကစားရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ONE စတောဝိတ်တန်း Kick Boxingကမ္ဘာ့ချန်ပီယံလုပွဲ၊ ONE ဘန်တန်ဝိတ်တန်း Kick Boxing ကမ္ဘာ့ချန်ပီယံလုပွဲအပါအဝင် တွဲဆိုင်း ၁၃ ဆိုင်းပါဝင်မည့် အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်မည့် တစ်ဦး တည်းသော ကစားသမားက “The Dragon Leg” တီရဲလ်ထန် ပင်ဖြစ်သည်။ အသက် ၂၅ နှစ်အရွယ် တီရဲလ်ထန်သည် အမေရိကန် ပြည်ထောင်စုတွင် အခြေချနေထိုင်နေသည့် မြန်မာနိုင်ငံဖွား ချင်းတိုင်းရင်းသားတစ်ဦးဖြစ်သည်။

ချင်းပြည်နယ် နပမ်းချန်ပီယံဆုကို ၄ ကြိမ်ရရှိဖူးသော တီရဲလ်ထန်သည် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်ချိန်တွင်လည်း နပမ်းပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ကာ ချန်ပီယံဆုများ ရယူနိုင်ခဲ့သည်။ ၎င်းသည် အမေရိကန်တွင် နပမ်းနိုင်ပွဲ ၅၀၀ ကျော် ရယူထားသလို ဂျူဂျစ်ဆုပြိုင်ပွဲများတွင်လည်း နိုင်ပွဲ ၅၀ ရရှိထားသည်။ တီရဲလ်ထန်၏ အရည်အသွေးကို သဘောကျနှစ်သက်သော ONE မစ်ဒယ်ဝိတ် တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုပိုင်ရှင် “မြန်မာ့စပါးအုံး” အောင်လအန်ဆန်း က ကမ္ဘာ့စင်မြင့်ပေါ် ရောက်ရှိလာ စေရန် ကူညီပေးခဲ့သည်။ တီရဲလ်ထန်သည် ၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်က ရန်ကုန်တွင်ကျင်းပသော ONE: REIGN OF VALOR ပြိုင်ပွဲ တွင် ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘောဒီးယားအားကစားသမား Rin Saroth ကို အမှတ်ဖြင့် အနိုင်ရခဲ့သည်။

ယခုပြိုင်ပွဲမှာ ၎င်းအတွက် ဒုတိယအကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး တောင်ကိုရီးယားအားကစားသမား Kim “The Kid” Woon Kyoum နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ၉ လနီးပါးကြာတွင် ပြန်လည်ယှဉ်ပြိုင်ခွင့်ရသောကြောင့် ပြင်ဆင်ချိန်များစွာရခဲ့ပြီး လွန်ခဲ့သည့် ၃ လခန့်မှစကာ အောင်လအန်ဆန်းလေ့ကျင့်နေသည့် Hard Knocks 365 ကလပ်သို့ ပြောင်းရွှေ့လာခဲ့သည်။ ထိုအတွက် တီရဲလ်ထန် ပေးဆပ်ခဲ့ရသည်က အလွန်ချစ်ခင်ရသော မိသားစုနှင့် ခွဲခွာခဲ့ရခြင်းဖြစ်သည်။ သို့သော် ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်လာနိုင်ရေးဆို သော အိပ်မက်အတွက် မိသားစုနှင့်ခွဲခွာကာ အကောင်းဆုံး လေ့ကျင့်ပြင်ဆင်ခဲ့သည်။ အောင်လအန်ဆန်းကလည်း နေ့တိုင်းဆိုသလို လေ့ကျင့်သင်ကြားပေးသလို လိုအပ်ချက်များကိုလည်း ပြောကြားပေးခဲ့သည်ဟု တီရဲလ်ထန်က ဖွင့်ဟသည်။

“အခုပွဲအတွက် ကျွန်တော် အကောင်းဆုံးပြင်ဆင်ထားပါတယ်။ မိသားစုနဲ့ခွဲပြီး ဖလော်ရီဒါမှာရှိတဲ့ ကိုအောင်လနဲ့အတူ အကောင်းဆုံး လေ့ကျင့်ခဲ့တယ်။ ကိုအောင်လက အားလုံးသိတဲ့အတိုင်း ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်သလို ကလပ်မှာလည်း သင်ဆရာတွေ အများကြီး ရှိတယ်။ လူဆိုတော့ တစ်ခါတလေကျရင် ကိုယ်မှန်ထင်လို့ ထင်တတ်တယ်။ ဒါပေမဲ့ ကိုအောင်လက ကျွန်တော် မှားနေတာတွေကို သင်ပြ ပြီး အမြဲတမ်းကူညီတယ်။ မလေးရှားကို မရောက်ခင်ကလည်း ကျွန်တော်တို့နှစ်ယောက် နေ့တိုင်း အတူတူလေ့ကျင့်တယ်။ သူ ရန်ကုန်ကို ရောက်နေချိန်မှာလည်း ဖုန်းခေါ်ပြီးတော့ပဲဖြစ်ဖြစ်၊ ဗီဒီယိုဖိုင်တွေ ပို့ပြီးတော့ပဲဖြစ်ဖြစ် ကျွန်တော်မှားနေတာတွေကို သင်ပြပေးတယ်။ အ တူတူ ရှိမနေချိန်တွေမှာဆိုရင်လည်း ကိုအောင်လက တစ်နေ့ကို အနည်းဆုံးတစ်ကြိမ်တော့ သင်ကြားပြသပေးပါတယ်” ဟု တီရဲလ်ထန် က အစ်ကိုဆရာဖြစ်သူ အောင်လအန်ဆန်းနှင့် လေ့ကျင့်ပြင်ဆင်ထားပုံအား ရှင်းပြသည်။

တီရဲလ်ထန် ရင်ဆိုင်ရမည့် Kim မှာ ONE Warrior Series မှတစ်ဆင့်တက်ကာ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ယခင်က ဂျ ပန်နိုင်ငံတွင် အခြေစိုက်ကာ ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ဖူးသည်။ ၎င်းသည် ဆယ်ကျော်သက်အရွယ်က အပျော်တမ်းမွေထိုင်းပြိုင်ပွဲများ ယှဉ်ပြိုင် ဖူးရာ တီရဲလ်ထန်အတွက် ခက်ခဲမည့်ပြိုင်ဘက် ဖြစ်လာနိုင်သည်။ တီရဲလ်ထန်က Kim ၏အကြောင်းကို Google၊ youtube တို့တွင်ရှာ ဖွေသော်လည်း မတွေ့သောကြောင့် ပွဲကြိုပြင်ဆင်မှုပိုင်းအတွက် အားမရဖြစ်မိကြောင်း ဝန်ခံသည်။ သို့သော် ပြိုင်ဘက်ဖြစ်သူသည် ဂျူဂျစ် ဆုတွင် ထူးချွန်သည်ဟု ထင်မြင်ကြောင်းနှင့် ထို့အတွက် မြေပြင်ချုပ်ကွက်ပိုင်းကိုသာမက လက်ဝှေ့နှင့် နပမ်းပိုင်းကိုပါ အထူးပြင်ဆင်ထား သည်ဟု ဆိုသည်။

“ကျွန်တော် ONE Championship မှာ ကစားတယ်ဆိုတာ ကမ္ဘာ့ချန်ပီယံဖြစ်ချင်လို့ပါ။ ဒီပွဲက ကျွန်တော့်အတွက်ရော၊ မိသားစုအတွက် ပါ အရေးကြီးတယ်။ နောက်ပြီး မြန်မာနိုင်ငံအတွက်လည်း အရမ်းအရေးကြီးတယ်လို့ ကျွန်တော်မြင်ပါတယ်။ အခု ကျွန်တော်တို့ယှဉ်ပြိုင် မှာက လက်ဝှေ့လည်းမဟုတ်ဘူး၊ Kick Boxingလည်းမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော် အကုန်လုံး သေချာပြင်ဆင်ထားပါတယ်။ မြေပြင်ချုပ်ကွက်ပိုင်းမှာဆိုရင်လည်း အဆင်ပြေတယ်လို့ ယုံကြည်မှုအပြည့်ရှိပါတယ်။ ရန်ကုန်မှာထိုးတဲ့ပွဲတုန်းက ပထမအချီမှာတင် အ လဲထိုးမယ်လို့ ပြောခဲ့ပေမယ့် ဒီပွဲမှာတော့ ပရိသတ်တွေ စိတ်မကောင်းဖြစ်သွားမှာစိုးလို့ ဘယ်နှစ်ချီမှာ အလဲထိုးမယ်ဆိုတာ မပြောတော့ ဘူး။ ဒီပွဲအတွက် ၂ လ၊ ၃ လလောက် ကြိုတင်ပြင်ဆင်ထားတာကြောင့် ပွဲချိန် ၁၅ မိနစ်အတွင်း သူ့ကို အလှပဆုံးထိုးသတ်ပြီး နိုင်ပွဲရ အောင် ယူဆောင်သွားမယ်” ဟု တီရဲလ်ထန်က ကြုံးဝါးသည်။

ONE Championship နှင့် ပွဲပေါင်းများစွာ ဆက်လက်ထိုးသတ်သွားဦးမည့် တီရဲလ်ထန်က Kim နှင့်ပွဲတွင် မည်သည့်နည်းဗျူဟာဖြင့် အနိုင်ထိုးသတ်သွားမည်ဆိုသည်ကို မပြောနိုင်သော်လည်း လက်ဝှေ့နည်းစနစ်များဖြင့် အကောင်းဆုံး ယှဉ်ပြိုင်သွားမည်ဟု ပြောသည်။ ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်လာရေးအတွက် ရည်မှန်းကြိုးစားနေသောကြောင့် ပရိသတ်များအနေဖြင့် စိတ်ရှည်သည်းခံမှုအပြည့်ဖြင့် အားပေး ရန်လည်း ၎င်းက တိုက်တွန်းသည်။ ONE Championship တွင် အောင်လအန်ဆန်းက ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုရယူထားသလိုမျိုး အ ခြားမြန်မာနိုင်ငံသား အားကစားသမားများကလည်း စွမ်းဆောင်နိုင်သည်ကို သက်သေပြသွားမည်ဟု အနာဂတ်ရည်မှန်းချက်နှင့်ပတ် သက်၍ ၎င်းက ဖွင့်ဟသည်။ ပြိုင်ပွဲယှဉ်ပြိုင်ရန် ၎င်းနှင့် အောင်လအန်ဆန်းတို့ပါဝင်သော အဖွဲ့ ကွာလာလမ်ပူသို့ရောက်ရှိလာချိန်တွင် မ လေးရှားနိုင်ငံရောက် ချင်းအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံသားများက လာရောက်ကြိုဆိုခဲ့ကြသည်။ ထို့ကြောင့် ပြိုင်ပွဲနေ့တွင်လည်း မြန် မာနိုင်ငံသားများ တစ်ခဲနက်လာရောက်အားပေးကြရန် တီရဲလ်ထန်က တိုက်တွန်းသည်။

“ကျွန်တော့်ကို စိတ်ရှည်သည်းခံပြီး အားပေးကြပါ။ တစ်နေ့နေ့ကျရင် ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။ မြန်မာနိုင် ငံအတွက် အောင်ပွဲယူဆောင်လာပေးပါ့မယ်။ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာတွေလည်း ပြိုင်ပွဲကျင်းပမယ့် သောကြာညကျရင် ကျွန်တော့် ကို လာအားပေးကြပါ။ ယှဉ်ပြိုင်ထိုးသတ်နေချိန်မှာ ပရိသတ်ရဲ့အားပေးမှုက အရမ်းလိုအပ်ပါတယ်။ ကျွန်တော့်ကို လာရောက်အားပေးကြ ပါလို့ တိုက်တွန်းချင်ပါတယ်” ဟု တီရဲလ်ထန်က ဆိုသည်။

ONE: Mark Of Greatness ပြိုင်ပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Axiata Arena အားကစားကွင်းတွင် ဒီဇင်ဘာလ ၆ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု ချင်းတိုင်းရင်းသား ကစားသမား တီရဲလ်ထန် ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို မြန်မာစံတော်ချိန် ၄း၃၀ နာရီ၌ Skynetsport HD, SkynetSport 3 နှင့် MNTV (Free to Air) တို့တွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top