ဂျပန်နိုင်ငံရဲ့ နည်းပညာအသုံးပြုပြီး ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကိုယ်ပိုင်ဂြိုဟ်တုလွှတ်တင်ဖို့ စီစဉ်၊ မြန်မာဂြိုဟ်တုမှာ ဂျပန်နိုင်ငံရဲ့ နည်းပညာသစ် ၂ မျိုး ပါဝင်လာဖွယ်ရှိ

12-5-2020-yyl-016.jpg

ဂျပန်နိုင်ငံရဲ့ နည်းပညာအသုံးပြုပြီး ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဂြိုဟ်တုကို လွှတ်တင်ဖို့ စီစဉ်နေတယ်လို့ Nikkei သတင်းဌာနက ဖော်ပြပါတယ်။ မြန်မာနိုင်ငံရဲ့ အင်ဂျင်နီယာတွေနဲ့ သုတေသီတွေဟာ ဟော့ကိုင်းဒိုးတက္ကသိုလ်၊ တိုဟိုကူတက္ကသိုလ်တွေရဲ့ အကူအညီရယူပြီး အလွန်သေးငယ်တဲ့ ဂြိုဟ်တုတစ်လုံး ဖန်တီးကာ ကမ္ဘာပတ်လမ်းထဲကို လွှတ်တင်မှာဖြစ်ပါတယ်။ အဲဒီဂြိုဟ်တုဟာ စိုက်ပျိုးရေးအထွက်တိုးစေဖို့၊ သဘာဝဘေးအန္တရာယ်တွေကြောင့် ဖြစ်ပွားတဲ့ ထိခိုက်ပျက်စီးမှုတွေကို ကာကွယ်၊ လျှော့ချဖို့၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို စောင့်ကြည့်ဖို့ အသုံးပြုတဲ့ ကမ္ဘာမြေစောင့်ကြည့်ရေးဂြိုဟ်တုအမျိုးအစား ဖြစ်မယ်လို့ ဟော့ကိုင်းဒိုးတက္ကသိုလ်ရဲ့ ပါမောက္ခ တာကာဟာရှိက ဆိုပါတယ်။

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်ရဲ့ ဘွဲ့ရကျောင်းသားတွေဟာ ဂျပန်နိုင်ငံကို သွားရောက်ပြီး အလေးချိန် ၅၀ ကီလိုဂရမ်၊ တစ်ဖက်တစ်ချပ်ကို အလျား ၅၀ စင်တီမီတာရှိတဲ့ မိုက်ခရိုဂြိုဟ်တု တည်ဆောက်ရေးလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်မယ်လို့ တာကာဟာရှိက ပြောပါတယ်။ အဲဒီစီမံကိန်းအရ မြန်မာအင်ဂျင်နီယာတွေဟာ ၅ နှစ်ကျော်ကာလအတွင်း ဂြိုဟ်တု ၂ လုံး တည်ဆောက်မှာပါ။ ဂြိုဟ်တုလွှတ်တင်ရေး လုပ်ဆောင်မှုတွေ ဆောင်ရွက်ရင်း ဂြိုဟ်တုဒီဇိုင်း ရေးဆွဲမှု၊ ဂြိုဟ်တုက ပေးပို့တဲ့အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာမှုတွေမှာ ကျွမ်းကျင်လာမှာဖြစ်ပါတယ်။ ဂြိုဟ်တုတီထွင်ဖန်တီးရေး၊ ဂြိုဟ်တုလွှတ်တင်ရေး လုပ်ငန်းတွေအပါအဝင် စုစုပေါင်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၆ သန်းရှိမှာဖြစ်ပြီး အဲဒီကုန်ကျစရိတ်ကိုတော့ မြန်မာအစိုးရက ကျခံမှာပါ။ ပြီးခဲ့တဲ့မတ်လမှာ ဂျပန်နိုင်ငံကို ပထမဆုံး ကျောင်းသား ၇ ယောက် လာရောက်ဖို့ စီစဉ်ခဲ့ပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ခရီးသွားလာခွင့်တွေ ကန့်သတ်ပိတ်ပင်ခဲ့လို့ သူတို့ရဲ့ခရီးစဉ် နှောင့်နှေးခဲ့ရပါတယ်။

ဟော့ကိုင်းဒိုးတက္ကသိုလ်နဲ့ တိုဟိုကူတက္ကသိုလ်တို့ဟာ မိုက်ခရိုဂြိုဟ်တုတွေအတွက် ထူးခြားတဲ့နည်းပညာနှစ်မျိုး ဖန်တီးပုံဖော်ထားပါတယ်။ နည်းပညာတစ်မျိုးကတော့ သတ်မှတ်ထားတဲ့ တည်နေရာကို တိတိကျကျ ပစ်မှတ်ထားနိုင်ဖို့အတွက် ဂြိုဟ်တုရဲ့ အမြင့်ပေကို လျှော့ချနိုင်တာဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ လုပ်ဆောင်မယ့် ရည်ရွယ်ချက်အပေါ် မူတည်ပြီး တခြားအလင်းရောင်စဉ်ကို အာရုံခံနိုင်ဖို့ ဆင်ဆာတွေကို အဝေးထိန်းခလုပ်နဲ့ ချိန်ညှိနိုင်တဲ့ နည်းပညာဖြစ်ပါတယ်။ အဲဒီနည်းပညာ ၂ မျိုးလုံးက စောင့်ကြည့်ရေးလုပ်ငန်းတွေရဲ့ အလိုက်သင့်ပြောင်းလဲနိုင်စွမ်းကို အားကောင်းစေပြီး မြန်မာနိုင်ငံရဲ့ဂြိုဟ်တုသစ်မှာ အဲဒီနည်းပညာတွေ တပ်ဆင်ပေးသွားဖွယ်ရှိနေပါတယ်။ ဂျပန်နိုင်ငံကို လာရောက်မယ့် မြန်မာကျောင်းသားတွေကတော့ ဘယ်လိုစောင့်ကြည့်ရေးလုပ်ငန်းတွေအတွက် ဂြိုဟ်တုတွေကို အသုံးပြုသင့်လဲ၊ ဂြိုဟ်တုအတွက် ဘယ်လိုဒီဇိုင်းတွေ လိုအပ်လဲ၊ ဂြိုဟ်တုတွေကို ဘယ်လိုထုတ်လုပ်တာလဲ စတဲ့ပညာရပ်တွေကို လေ့လာရမှာပါ။

ဂြိုဟ်တုတည်ဆောက်ရေးနဲ့ ဂြိုဟ်တုလွှတ်တင်ရေးစီမံကိန်းဟာ ကိုယ်ပိုင်ဂြိုဟ်တုစနစ် တည်ဆောက်လိုတဲ့ မြန်မာအစိုးရရဲ့ အစီအစဉ်တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်‌ရေးအတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ဦးဆောင်ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် သြဂုတ်လမှာ Myanmar Sat 2 ပါဝင်တဲ့ ဆက်သွယ်ရေးဂြိုဟ်တု (Intelsat 39)ကို ပြင်သစ်နိုင်ငံပိုင် ဂူယာနာကျွန်းကနေ လွှတ်တင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ မြန်မာ့လူဦးရေ ၉၅ ရာခိုင်နှုန်းကို မြန်နှုန်းမြင့်အင်တာနက် အသုံးပြုခွင့်ရစေချင်တဲ့ မြန်မာအစိုးရရဲ့ ရည်မှန်းချက်ကို Intelsat 39 ဂြိုဟ်တုက ကူညီပံ့ပိုးပေးလိမ့်မယ်လို့ Intelsat ကုမ္ပဏီရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဘလိလေးက ပြောခဲ့ပါတယ်။

အာရှရဲ့ ထွန်းသစ်စ နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားးနိုင်ငံတွေက အာကာသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပါဝင်လှုပ်ရှားနေကြပါပြီ။ ဂြိုဟ်တုကြီးတွေ တည်ဆောက်ဖို့ ဒေါ်လာသန်းရာနဲ့ချီ ကုန်ကျပေမဲ့ မိုက်ခရိုက်ဂြိုဟ်တုတွေကတော့ ကုန်ကျစရိတ် အဆ ၁၀၀ လောက် သက်သာပြီး ဒေါ်လာ ၃ သန်းကနေ ၅ သန်းလောက်ပဲ ကုန်ကျပါတယ်။

Ref: Nikkei ”Myanmar to launch its first satellite in 2021 with Japan’s help”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top