ယူကရိန်းကျူးကျော်စစ်ကို ရှုတ်ချခဲ့တဲ့ ဘဲလေးကချေသည် ရုရှားကို စွန့်ခွာပြီး နယ်သာလန်သို့ ရွှေ့ပြောင်း

17-2-2022-yyl02.jpg

ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲတဲ့ ရုရှားရဲ့လုပ်ရပ်အပေါ် ရှုတ်ချခဲ့တဲ့ ဘဲလေး ကချေသည်ဟာ ရုရှားနိုင်ငံကို စွန့်ခွာပြီး နယ်သာလန်ကို ထွက်ခွာသွားခဲ့ပါပြီ။ သူ့ရဲ့စိတ်ဝိဉာဉ် အမျှင်တိုင်းကနေ ဒီစစ်ပွဲကို ဆန့်ကျင်တယ်လို့ အသက် ၃၀ အရွယ် ဆမာနိုဗာက ပြီးခဲ့တဲ့အပတ်မှာ ပြောခဲ့တာပါ။ သူ့စကားကို ရုရှားနိုင်ငံရဲ့ တခြားဘဲလေး ကချေသည်တွေကလည်း ထောက်ခံအားပေးခဲ့ကြပါတယ်။

ဆမာနိုဗာရဲ့ အဘိုးက ယူကရိန်းနိုင်ငံသားဖြစ်လို့ ဆမာနိုဗာက သူ့ကိုယ်သူ ယူကရိန်းသွေး တစ်စိတ်ရောသူလို့ ဆိုပါတယ်။ ” ဉာဏ်အလင်းပွင့်တဲ့ မျက်မှောက်ခေတ်ကမ္ဘာကြီးမှာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းမှုနဲ့ပဲ ဖြေရှင်းကြမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ရုရှားနိုင်ငံကြောင့် ရှက်ရလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမျှ မထင်ခဲ့ဖူးပါဘူး။ ပါရမီရှင် ရုရှားတွေ၊ ကျွန်မတို့ယဉ်ကျေးမှု၊ အားကစားဆိုင်ရာ အောင်မြင်မှုတွေအတွက် အမြဲဂုဏ်ယူခဲ့တာပါ။ အခုတော့ အရင်နဲ့ လက်ရှိဆိုပြီး စည်းတစ်ကြောင်း ခြားလိုက်သလို ခံစားရပါတယ်။

လူတွေ သေကြ၊ နေအိမ်တွေ ပျက်စီးကြ၊ စွန့်ခွာထွက်ပြေးကြရဆိုတဲ့ အခြေအနေကြောင့် နာကျင်ခံစားရပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်တွေကဆိုရင် ဒီလိုဖြစ်မယ်လို့ ဘယ်သူ ထင်ကြမှာလဲ။ ကျွန်မတို့က စစ်ပွဲရဲ့ ဗဟိုချက်မှာ ရှိနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုလို ကမ္ဘာလုံးဆိုင်ရာကပ်ဘေးမှာ မဆိုင်သလို လုပ်နေလို့တော့ မရပါဘူး” လို့ ဆမာနိုဗာက ပြောခဲ့တာပါ။

ဆမာနိုဗာဟာ သိပ်မကြာခင် ရက်ပိုင်းအတွင်း သူတို့နဲ့အတူ ပူးပေါင်းလိမ့်မယ်လို့ Dutch National Ballet ကုမ္ပဏီက ပြောပါတယ်။ ဆမာနိုဗာဟာ သူမတူအောင် ထူးခြားတဲ့ ကချေသည်တစ်ယောက် ဖြစ်တယ်လို့ ကုမ္ပဏီဒါရိုက်တာ တက်ဘရန်ဆန်က ပြောပါတယ်။

Ref: BBC “Olga Smirnova: Ballerina leaves Russia for Netherlands after denouncing war”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top