ဒီတစ်ခေါက်မှာတော့ ရိုးရာလေးစာဖတ်သူတွေကို မြန်မာစာအရေးအသားမှာ ရောထွေးရေးသားတတ်ကြတဲ့ “ ပဲ “ နဲ့ “ဘဲ” အကြောင်း အနည်းငယ် မျှဝေပြောပြချင်ပါတယ်။ သိပြီးသား စာဖတ်သူတွေလည်း ရှိမှာသေချာပေမဲ့ “ပဲ “ နဲ့ “ဘဲ” နှစ်ခုကြား ရှုပ်ထွေးနေသူတွေ အဆင်ပြေစေဖို့ တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။
“ ပဲ “ ကို “ပင်” ဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးပါတယ်။ “ စင်စစ်၊ … သာလျှင်၊ … ပင်လျှင် “ ဆိုတဲ့ သဘောမျိုးပါ။ မှတ်မိလွယ်အောင် သီချင်းစာသားတွေနဲ့ ဥပမာ ပေးကြည့်ရရင် “ မင်းမှ မင်းပဲ “ လို့ ကို အငဲ လိုပဲ ပြောမလား ၊ ဟို သီချင်းဗီဒီယိုတစ်ပုဒ်ထဲကလို “ ကျွန်မကို ချစ်တာ ဘယ်သူတဲ့လဲ “ “ငါပဲ … ငါပဲ …ငါပဲ .. “ လို့ပဲ ပြန်ဖြေမလား။ အဲဒီလို နေရာတွေမှာ “ပဲ” ကို သုံးပါတယ်။ “ဒါတွေချည်းပဲ ထပ်တလဲလဲ ပြောနေတယ်” ဆိုတဲ့ စကားရပ်မှာ “ဒါတွေကို သာလျှင် ပြောနေတယ်။ ဒါတွေ စစ်စစ်ကိုသာ ပြောနေတယ်။ ဒါတွေက လွဲပြီး တခြား ဘာမှ မပြောဘူး” ဆိုတဲ့ သဘောနဲ့ “ပဲ” ကို သုံးတာ ဖြစ်ပါတယ်။
ပြီးတော့ “ စားပဲ စားနိုင်လွန်း ၊ တတ်ပဲ တတ်နိုင်လွန်း၊ ပြောပဲ ပြောနိုင်လွန်း “ ဆိုတဲ့ နေရာတွေမှာ “ပဲ” ကို သုံးပါတယ်။ “စားပင် စားနိုင်လွန်း ၊ တတ်ပင် တတ်နိုင်လွန်း “ စသဖြင့် ဖလှယ်ကြည့်လို့ ရပါတယ်။ “ ဘဲ” ဆိုတာကတော့ ဖဲကြဉ်တယ်၊ ရှောင်ရှားတယ်၊ တားမြစ်တယ် ဆိုတဲ့ သဘော ၊ အငြင်းသဘော ကို ဆောင်ပါတယ်။” မသိဘဲ မပြောနဲ့ ။ မဆိုင်ဘဲ ဝင်မပါနဲ့ ။ “ ဆိုတဲ့ စကားတွေမှာ “ဘဲ” ကို သုံးပါတယ်။ တချို့ ဆရာ၊ ဆရာမတွေ သင်ပေးတဲ့ အလွယ်မှတ်နည်းအတိုင်း “မ” နောက်က “ဘဲ” လိုက်တယ် လို့ မှတ်သားထားရင်ဖြင့် ပိုမိုမှတ်ရ လွယ်ကူမယ်လို့ ယူဆပါတယ်။
( ကိုးကား ။ ။ ပညာရေး ဝန်ကြီးဌာန မြန်မာစာအဖွဲ့ထုတ် “မြန်မာစာ မြန်မာစကား” )
Team (ရိုးရာလေး)