ဟိုးရှေးရှေးတုန်းက ရှီဝှမ်တီဘုရင်မတိုင်ခင်မှာ တရုတ်ပြည်က တိုင်းပြည်ငယ်လေးတွေအဖြစ် ပြန့်ကျဲနေတဲ့အချိန်ပေါ့။ နယ်မြေသေးသေးလေးပဲရှိတဲ့ တိုင်းပြည်ငယ်လေးတစ်ခုရှိခဲ့တယ်။ နယ်မြေသေးပေမဲ့ တိုင်းသူပြည်သားတွေက အလုပ်ကြိုးစားပြီး ဘုရင်ကလည်း ပညာရှိတဲ့အမတ်တွေ စကားနားထောင်တာကြောင့် သူ့အထွာနဲ့သူ ဆင်းရဲမှုမရှိ၊ ချမ်းသာတဲ့ နိုင်ငံပါပဲ။
တစ်နေ့ကျတော့ သူတို့ ထက်နည်းနည်းကြီးတဲ့ အိမ်နီးချင်းနိုင်ငံကဘုရင်က တိုင်းပြည်ငယ်လေးရဲ့ ဘုရင်ဆီကို ဆင်စွယ်နဲ့လုပ်ထားတဲ့ တူတစ်စုံ လက်ဆောင်ပို့လိုက်တယ်။ တရုတ်လူမျိုးတွေ အထွဋ်အမြတ်အထားဆုံးက ဆင်စွယ်နဲ့ ကျောက်စိမ်းပဲ။ ဘုရင်လေးကလဲ သိပ်သဘောကျတာပေါ့။ ဒီဆင်စွယ်တူနဲ့ပဲ စားတော်ခေါ်မယ်လို့ လုပ်တယ်။ အဲဒီမှာ ပညာရှိအမတ်တွေက တားကြတယ်။ အရှင်မင်းကြီး၊ ကျွန်တော်တို့တိုင်းပြည်ဟာ သာယာပေမဲ့ အဆမတန် ချမ်းသာတဲ့ပြည်မဟုတ်သေးဘူး။
အရှင်မင်းကြီးက အခုဆင်စွယ်တူနဲ့ စားတော်ခေါ်မယ်။ စားနေရင်းနဲ့ အခုသုံးနေတဲ့ မြေခွက်၊ ကြွေခွက်တွေကို ဆက်မသုံးချင်တော့ပဲ ကျောက်စိမ်းခွက်တွေကို သုံးချင်လာမယ်။ ဆင်စွယ်တူနဲ့ ကျောက်စိမ်းပန်းကန်နဲ့ စားရတော့ ဝံလက်သည်းလိုမျိုး တူအကုပ်အထိန်းတွေ တပ်ချင်လာမယ်၊ ကျောက်စိမ်းပန်းကန်မှာ ရွှေကွပ်ချင်လာမယ်။ နောက် ကျောက်စိမ်းပန်းကန်၊ ဆင်စွယ်တူနဲ့လိုက်ဖက်တဲ့ ဝံလက်၊ ငါးမန်းတောင်လို ဟင်းလျာတွေကို စားချင်လာမယ်။ ဒီလို ရတနာတွေနဲ့ စားတော်ခေါ်တဲ့အခါ သာမန်ချည်ထည်တွေကို မဝတ်ချင်တော့ဘူး ရွှေချည်ထိုး ပိုးထည်တွေကို ဝတ်ချင်လာမယ်။
နောက်ဆုံး စားတော်ခေါ်တဲ့အခန်းနဲ့ နန်းတော်ကိုပါအားမရတော့ဘဲ တိုင်းသူပြည်သားတွေကို မတရားအခွန်ကောက်ပြီး နန်းတော်ကိုအလှဆင်ရင် တိုင်းပြည်ပါမွဲသွားလိမ့်မယ်လို့ ပညာရှိတွေက ဝိုင်းလျှောက်သတဲ့။ တိုတိုပြောရရင် ဆင်စွယ်တူကို ပူပူနွေးနွေးရထားတဲ့ ဘုရင်လေးက ပညာရှိတွေစကားနားမထောင်ဘဲ ဆင်စွယ်တူနဲ့ စားတော်ခေါ်လိုက်တာ အမတ်ကြီးတွေ ပြောတဲ့အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် လောဘတက်လာရင်း၊ တိုင်းပြည်ငယ်လေးထဲက ပြည်သူတွေထွက်ပြေးသွားတာနဲ့ သုံးနှစ်အတွင်း အခြားတိုင်းပြည်ကြီးရဲ့ လက်အောက်ခံနယ်မြေဖြစ်သွားရှာတော့တယ်။
ဒီဇာတ်လမ်းလေးကနေ ပြောပြချင်တာကတော့ လောဘကို အလိုမလိုက်ဖို့ပါ။ နောက်ထပ် အရေးကြီးတာတစ်ခုက ကိုယ့်ရဲ့စွမ်းအားထက် တစ်နည်းအားဖြင့် ကိုယ်တတ်နိုင်တာထက်ပိုလွန်တဲ့ ဇိမ်ခံမှုကိုမလိုလားဖို့ပါ။ စိတ်အလိုလိုက်မိရာကနေ ပျက်စီးရာလမ်းကြောင်းပေါ် တောက်လျှောက်ရောက်သွားဖို့က အင်မတန်လွယ်တဲ့အရာပါပဲ။ တစ်ခုတလေတော့ ဘာမှ မဖြစ်ပါဘူး။ တစ်ခေါက်တလေတော့ ဘာမှမဖြစ်ဘူးဆိုရာကနေ ပျက်စီးရာလမ်းဆုံးထိ ရောက်မသွားဖို့အတွက် စိတ်နဲ့ လောဘကို ထိန်းချုပ်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။
Jong Kin (ရိုးရာလေး)