ဖတ်မိလိုက်ရင် ပြုံးသွားစေမယ့် အကြောင်းအရာများ  

Wife-Carrying-World-Championships.jpg

နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ချစ်စဖွယ်အလေ့အထနဲ့ အစဉ်အလာများ ရှိတတ်ကြပါတယ်။ တချို့နိုင်ငံတွေမှာ ထူးထူးဆန်းဆန်း တားမြစ်ချက်တွေ လမ်းညွှန်ချက်တွေ ဖန်တီးမှုတွေလည်း ရှိတတ်ကြပါတယ်။ ဒီတစ်ခါတော့ ရိုးရာလေး ပရိသတ်တွေ အတွက် အံ့ဩမင်သက်ပြီး ပြုံးရယ်သွားစေမယ့် နိုင်ငံအချို့က ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေ ဖော်ပြပေးလိုက်တယ်နော်။

တကယ်လို့ သင်ဟာ ဒိန်းမတ်နိုင်ငံသား တစ်ယောက်ဖြစ်ပြီး အသက် ၂၅နှစ်အရွယ်အထိ အိမ်ထောင်မရှိ လူပျိူ အပျိူဖြစ်နေမယ်ဆိုရင်တော့ သေချာပေါက် သစ်ကြံပိုးခေါက်ရေနဲ့ ဖြန်းပက်ခံရမှာပါ။ ဒိန်းမတ်နိုင်ငံရဲ့ ဓလေ့ထုံးတမ်းအရ အသက် ၂၅နှစ်အထိ အိမ်ထောင်မရှိဘူးဆိုရင် သူငယ်ချင်းများက လူပုံအလယ်မှာ သစ်ကြံပိုးခေါက်ရေ အမှုန့်တို့နဲ့ ပက်ဖြန်းကြမှာပါ။ သစ်ကြံပိုးခေါက်ရဲ့ ပြင်းရှတဲ့အနံဟာ အချိန်အတော်အကြာအထိ စွဲကပ်နေမှာဖြစ်တဲ့အတွက် သင့်ကို လူပျိုလူလွတ်လို့ သိသာစေပြီး အမြန်ဆုံးစွံစေမှာပါ။ ဒီအပြုအမူလေးအပေါ် မည်သူမှ စိတ်ဆိုးခြင်း မရှိကြဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့သာ ပြုလုပ်ကြသည့် ချစ်စရာ ဓလေ့ ထုံးတမ်းလေးပဲ ဖြစ်ပါတယ်။

ဒိန်းမတ်နိုင်ငံရဲ့ လေဆိပ်တွေမှာတော့ ထူးထူးဆန်းဆန်း ဆိုင်းဘုတ်တွေ ဖော်ပြထားပါတယ်။ အဲ့ဒါကတော့ ယာဉ်ကြောများ မပိတ်ဆို့စေရန်အတွက် နှုတ်ဆက်အနမ်းကို ၃မိနစ်ထက် ပိုမနမ်းရဘူး ဆိုတာပါပဲ ဖြစ်ပါတယ်။

ဆွီဒင်နိုင်ငံကို သွားရောက် လည်ပတ်တော့မယ်ဆိုရင်တော့ သင်လျှောက်တဲ့ ခြေလှမ်းတိုင်းကို သတိထားရမှာပါ။ ဘာလို့လဲဆိုတော့ ထူးထူးဆန်းဆန်းတွေ ဖန်တီးတတ်တဲ့ အဖွဲ့တစ်ခုက ကြွက်ငယ်လေးများအတွက် အိမ်ဂေဟာလေးများကို အပြင်အဆင် ဆန်းဆန်းပြားပြားလေးတွေနဲ့ လမ်းမကြီးတလျှောက် ဖန်တီးထားလို့ပါပဲ။

အိုက်စ်လန်နိုင်ငံရဲ့ မီးပွိုင့်တွေကတော့ တမူထူးခြားလို့ နေပါတယ်။ သာမန် တွေ့နေကျ ပုံမှန် မီးပွိုင့်များမဟုတ်ဘဲ အသဲပုံစံနဲ့ မျက်နှာပုံစံ အပြုံးအရီ ပုံစံများနဲ့ ထူးထူးခြားခြား ဖန်တီးထားပါတယ်။ လူကူးမျဉ်းကျားများကိုလည်း သုံးဖက်မြင် (3D) ပုံစံများအဖြစ် တွေ့မြင်ရမှာပါ။

ဖင်လန်နိုင်ငံမှာ နှစ်စဉ် ဇူလိုင်လတိုင်း ထူးထူးဆန်းဆန်း အားကစားပြိုင်ပွဲလေးတစ်ခုကို ကျင်းပလေ့ရှိပါတယ်။ အဲ့ဒီပြိုင်ပွဲလေးကတော့ ဇနီးဖြစ်သူကို ခင်ပွန်းသည်က ထမ်းပိုးပြီး အပြေးပြိုင်ရသော အားကစားပြိူင်ပွဲလေး ဖြစ်ပါတယ်။ ယှဉ်ပြိုင်မယ့်ဇနီးသည်ဟာ အသက် ၁၇နှစ် အထက် ရှိရမှာဖြစ်ပြီး ခန္ဓာကိုယ် အလေးချိန် အနည်းဆုံး ၁၀၈ပေါင် ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။ အနိုင်ရရှိသူဟာ ဇနီးသည်ဖြစ်သူရဲ့ ခန္ဓာကိုယ် အလေးအချိန်နဲ့ ညီမျှတဲ့ ဘီယာပုလင်းများကို ဆုအဖြစ် ရရှိမှာပါ။

ဖင်လန်နိုင်ငံမှ PhD ဒေါက်တာဘွဲ့ရသူတွေဟာ အခမ်းအနားကို ဦးထုပ်နဲ့ ဓားရှည်တစ်လက် ကို ကိုင်ဆောင်ပြီးမှသာ အခမ်းအနားကို တက်ရောက်ကြရပါတယ်။ အမှန်တရားတွေကို ကာကွယ်ဖို့အတွက် အသင့်ရှိနေပြီဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ပွဲတက်စေခြင်း ဖြစ်ပါတယ်။ အိုက်စ်လန်နိုင်ငံရဲ့ လျှပ်စစ်ဓာတ်ကြိုး တာဝါတိုင်ကြီးတွေကတော့ တခြားဘယ်နိုင်ငံနဲ့မှမတူဘဲ ဆန်းပြားလို့နေပါတယ်။ တာဝါတိုင်တွေကို လူပုံသဏ္ဍာန် ဖန်တီး တည်ဆောက်ထားတဲ့အတွက် အဝေးက ကြည့်လိုက်ရင် ကြောက်လန့်စရာ ကောင်းလှပါတယ်။

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top