လျင်မြန်သောတိုက်စစ်ဖြင့် ပြိုင်ဘက် Yohan Mulia Legowo ကို အလဲထိုးပွဲသိမ်းမည်ဟု ဖိုးသော် ကြုံးဝါး

mma-champion.jpg

ဖိုးသော်

ဖိုးသော်သည် လာမည့် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံအားကစားကွင်းတွင် ONE ဖယ်သာဝိတ်တန်းအတွက် အင်ဒိုနီးရှား ကစားသမား Yohan Mulia Legowo နှင့် ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

အဆိုပါပွဲတွင်ဖိုးသော်အနေဖြင့် ပြိုင်ဘက် Yohan Mulia Legowo ကို မတ်တပ်ရပ် ထိုးသတ်နည်းနှင့် အဓိကထား ရင်ဆိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော့်ပုံစံအတိုင်း မတ်ရပ်ထိုးသတ်တဲ့ ကစားကွက်ကိုပဲ ဇောင်းပေး ကစားမှာပါ။ သူ့ရဲ့ လုပ်ရှားမှုက နှေးတယ်။ နောက်ပြီး သက်လုံပိုင်း အားနည်းတယ်။ ဒီတော့ လှုပ်ရှားမှု မြန်မြန်နဲ့ တိုက်စစ်ဖွင့် ကစားမယ်ဆိုရင် သူကို အနိုင်ကစားနိုင်မယ်” ဟု ဖိုးသော်က ၎င်း၏ ကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ရန်စီစဉ်ထားမှုများကို ပြောပြသည်။

လေ့ကျင်မှုများအသည်းအသန်ပြုလုပ်နေသော ဖိုးသော်သည် လာမည့်ပွဲတွင် ၎င်းအနေဖြင့် စိတ်ကြိုက်တိုက်ကွက်များ ဖြစ်သည့် လက်သီး၊ ဒူး၊ တံတောင်များဖြင့် တိုက်ခိုက်သည့် တိုက်ကွက်များဖြင့် ပွဲသိမ်းနိုင်ရန် ကြံရွယ်ထားသည်။

“ပြိုင်ဘက်ကိုတိုက်စစ်ဆင်တဲ့အခါ မတ်တပ်ရပ်ထိုးသတ်မှုမှာ အဓိက တိုက်ကွက်တွေဖြစ်တဲ့ လက်သီး၊ ဒူး၊ တံတောင် တိုက်ကွက်တွေကို များများသုံးပြီး ဖိတိုက်သွားမယ်” ဟု ဖိုးသော်က ဆိုသည်။

ဖိုးသော်သည် ပြီးခဲ့သည့် အောက်တိုဘာလတွင် ကျင်းပခဲ့သော ONE: Pursuit of Greatness ပြိုင်ပွဲတွင် အောင်မြင်မှုမရရှိခဲ့ဘဲ မလေးရှား နိုင်ငံသား Keanu Subba ကို ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် ဖိုးသော်အနေဖြင့် ယခုပွဲတွင် ပိုကောင်းသည့် စွမ်းဆောင်ရည်ကို ပြသရန် ရည်မှန်းထားသည်။

“ပြိုင်ဘက်ကို မြန်မြန် ပွဲသိမ်းကစားနိုင်လေ ကောင်းလေပါပဲ။ အလွန်ဆုံး ဒုတိယအချီမှာ တံတောင် သို့မဟုတ် လက်သီးနဲ့ ပွဲသိမ်းနိုင်အောင် ကြိုးစားမယ်” ဟု ပြိုင်ဘက်ကို တိုက်စစ်ဆင်မည့် အစီအစဉ်ကို ၎င်းက ပြောကြားသွားခဲ့သည်။

ဖိုးသော်အနေဖြင့် ယခုပွဲ အနိုင်ရရှိခဲ့ပါက ချန်ပီယံခါးပတ်ကို စိန်ခေါ်ထိုးသတ်နေသူများနှင့် ယှဉ်ပြိုင်လိုကြောင်း ထပ်မံ ပြောကြားခဲ့သည်။

“ဒီပွဲအနိုင်ရရင် နောက်တစ်ပွဲအတွက် ချန်ပီယံကို စိန်ခေါ်နိုင်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ကစားသမားတွေနဲ့ ယှဉ်ပြိုင်ကြည့်ချင်ပါတယ်။ ဒါမှ ကျွန်တော် ကမ္ဘာ့ချန်ပီယံတွေကို စိန်ခေါ်နိုင်တဲ့ အရည်အချင်းရှိလာမယ်လေ။ ကျွန်တော့်ရဲ့ Team PT (Fight for good) ကနေ ONE ကမ္ဘာ့ချန်ပီယံ ခါးပတ်ရအောင် ကြိုးစားမယ်” ဟု ဖိုးသော်က ၎င်း၏ အနာဂတ်အစီအစဉ်ကိုလည်း ဖွင့်ဟ ပြောကြားခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top