၁၀၂ ရက်ကြာ ပြည်တွင်းကူးစက်မှု မရှိခဲ့တဲ့ နယူးဇီလန်မှာ ကိုဗစ်လူနာသစ် ၄ ယောက် တွေ့လို့ လော့ခ်ဒေါင်း ပြန်ချ

12-8-2020-yyl-004.jpg

၁၀၂ ရက်တိုင်တိုင် ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုမရှိခဲ့တဲ့ နယူးဇီလန်နိုင်ငံမှာ ကိုဗစ်လူနာသစ် ၄ ယောက် တွေ့ရှိခဲ့ပြီးနောက် အကြီးဆုံးမြို့ကို Lockdown (ပိတ်ဆို့မှု) လုပ်လိုက်ပါပြီ။ ကိုဗစ်လူနာသစ်တွေ တွေ့ရှိခဲ့ပြီးနောက်မှာ နယူးဇီလန်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အုတ်ကလန်မြို့ကို ၃ ရက်ကြာ ပိတ်ဆို့လိုက်တာ ဖြစ်ပါတယ်။ လူနာသစ် ၄ ယောက်လုံးဟာ မိသားစုတစ်စုတည်းက ဖြစ်ပါတယ်။ သူတို့အားလုံး မကြာသေးခင်ကာလအတွင်း ခရီးသွားလာခဲ့ခြင်းမရှိပါဘူး။ သြဂုတ်လ ၁၂ ရက်ကစပြီး လူဦးရေ ၁.၆ သန်းနီးပါး နေထိုင်တဲ့ အုတ်ကလန်မြို့မှာ တတိယအဆင့် ပိတ်ဆို့မှုစတင်အကျုံးဝင်မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အာဏာပိုင်တွေက ဒီမိသားစုနဲ့ ထိတွေ့မိသူတွေကို ခြေရာခံဖို့ တက်သုတ်ရိုက် ကြိုးပမ်းနေကြပါတယ်။ အုတ်ကလန်မြို့မှာ နေထိုင်သူတွေကို အိမ်ပြင်မထွက်ကြဖို့ ညွှန်ကြားထားပြီး မဖြစ်မနေ မလိုအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ပိတ်ပစ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စုဝေးပွဲတွေကိုလည်း ပိတ်ပင်ထားပါတယ်။ နယူးဇီလန်တစ်နိုင်ငံလုံးမှာလည်း တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေရမယ့် ကန့်သတ်ချက်တွေကို ပြန်လည်ချမှတ်ခဲ့ပါတယ်။

ကိုဗစ်လူနာသစ်တွေ တွေ့ရှိခဲ့ပြီးနောက်မှာ နယူးဇီလန်ဝန်ကြီးချုပ် ဂျေစင်ဒါအာဒန်က လွှတ်တော်ဖျက်သိမ်းမယ့်ကိစ္စကို ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒါပေမဲ့ စက်တင်ဘာလ ၁၉ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမလား၊ မရွှေ့ဘူးလားဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ ဂျေစင်ဒါအာဒန်က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်တိုက်ဖျက်ရာမှာ အောင်မြင်မှုရခဲ့တဲ့ နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ နယူးဇီလန်နိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၁၂၂၀ ရှိပြီး လူ ၂၂ ယောက် သေဆုံးခဲ့ပါတယ်။

Ref: BBC “Coronavirus: New Zealand locks down Auckland after cases end 102-day run”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top