မိဘတွေမဖြစ်မနေသိသင့်တဲ့ လူငယ် တို့ရဲ့စိတ်ထဲက ပြဿနာများ

12-8-2020-yyl-003.jpg

ငယ်ငယ်ကတော့ မိဘစကားကို နားထောင်ပါရဲ့။ အရွယ်လေးရောက်လာတော့ ပြောလို့ဆိုလို့ သိပ်မကောင်းတော့ဘူး။ အတွေ့အကြုံရှိတဲ့ လူကြီးတွေစကား နားမဝင်တော့ပါဘူးပေါ့။ ဒါက မိဘတွေ အတွေး။

လူငယ် ဆိုတာ လွတ်လပ်မှုကို တောင်းဆိုလေ့ ရှိကြသလို လူကြီး ဆိုတာ ကလည်း စိတ်ပူတတ်၊ ထိန်းကျောင်းချင် တတ်ကြတာမို့ သဘောကွဲလွဲတတ်ကြပါတယ်။ အမေတို့ မသိပါဘူး၊ လူငယ်ပဲလေ ဒီလောက်တော့ နားလည်ပေးပေါ့ တို့၊ ဘိုးတော်က ပွားတယ်၊ အိမ်မှာ မနေချင်တော့ဘူး တို့ လူငယ်တို့ဆီကလည်း အသံထွက်လာတတ်တာပေါ့။

ဒီနေရာမှာ ဘာက ပြဿနာလဲ ဆိုတော့ အတွေးမတူကြတာပါ။ ကလေးတွေရဲ့ စိတ်ထဲ ဘယ်လိုရှိနေမလဲ၊ ဘာတွေ ကူညီပေးလို့ရမလဲ၊ ဆက်ဆံရေး ဘယ်လိုရင်းနှီးအောင် လုပ်ကြမလဲ ဆိုတာမျိုး တွေးလေ့ရှိတဲ့ မိဘတွေဟာ သားသမီးနဲ့ ဆက်ဆံရေးပိုကောင်းလေ့ရှိပါတယ်။

သူတို့စိတ်ထဲ ဘာတွေ ရှိနေမလဲ

သူတို့ရဲ့စိတ်၊ သူတို့ရဲ့ သဘာဝကို လူကြီးတွေက နားလည်မပေးဘူး၊ သိမှာလည်း မဟုတ်ဘူးလို့ လူငယ်တွေက ယူဆတတ်ကြပါတယ်။ တကယ်လည်း နားလည်မပေးတဲ့ လူကြီးတွေ ရှိနေတတ်တာကိုး။ မလုပ်ရဘူး၊ မသွားရဘူး၊ စည်းကမ်းတွေ ချမယ်၊ တင်းကြပ်မယ်၊ ဆူမယ်၊ ပြောစကားနားထောင်စေချင်တယ်လေ။

လူငယ်တွေ အနေနဲ့တော့ လွတ်လွတ်လပ်လပ် နေထိုင်သွားလာခွင့် ရချင်တယ်၊ လိုက်လျောညီထွေ ပြောဆိုတိုင်ပင်လို့ရတဲ့ လူကြီးတွေ ဖြစ်စေချင်တယ်၊ ခေတ်နဲ့အညီ ဗဟုသုတရှိနေတဲ့ လူကြီးတွေ ဖြစ်စေချင်တယ်၊ ကန့်သတ်ချက်တွေနဲ့ စည်းနှောင်နေတာမျိုးကနေ ကန်ထွက်ချင်တယ် ၊စိတ်ဖိစီးစရာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြလို့ ရချင်တယ် စသည်ဖြင့် အတွေးရှိနေမှာပါပဲ။ အများအားဖြင့် –

သူတို့ရဲ့ စကားကို နားထောင်ပေးစေချင်တယ်

လူကြီးပြောတာ နားထောင်ရမယ်၊ ခွန်းတုံ့မပြန်ရဘူး (အမြင်မတူလည်း ပြန်ဖြေရှင်းရင် ခံပြောတာပဲ)၊ ပြီးရင် လိုက်နာရမယ် ဆိုတဲ့ မူဝါဒတွေက တကယ်တော့ တစ်ဖက်စောင်းနင်းရာကျပါတယ်။ လူငယ်တွေအနေနဲ့ သူတို့ရဲ့ အမြင်၊ အယူအဆလေးတွေ၊ ခေတ်ကာလ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး လူကြီးတွေနဲ့ ဆွေးနွေးချင်တယ်၊ ပြောပြချင်တယ်လေ။ သူတို့ရဲ့ အမြင်ကို နားထောင်ပေးလိုက်ပါ၊ ပြီးမှ အမြင်ဖလှယ်ရင်း မှန်ကန်တဲ့ဘက်ကို ဆွဲယူစည်းရုံးတာ အကောင်းဆုံးပါ။

ခံစားချက်တွေကို အရေးစိုက်စေချင်တယ်

လူကြီးတွေကတော့ သူတို့အတွက် ဝင်ဖြေရှင်းပေးတာပဲ။ လူငယ်တွေအတွက် တကယ်လိုလားတဲ့ အဖြေ ဟုတ်နေပါ့မလား ဆိုတာ မသေချာပါဘူး။ ဥပမာ သူငယ်ချင်းတစ်ယောက်နဲ့ စိတ်ဆိုးလာဖူးတယ် ဆိုပါစို့။ နောက်ပိုင်း အဲဒီသူငယ်ချင်းနဲ့ တွဲတိုင်း လူကြီးတွေက မကြည်တော့တာမျိုး၊ အဲဒီသူငယ်ချင်းကို မချေမငံ ဆက်ဆံကြတာမျိုးက သူ့အတွက် ပိုပြီးစိတ်ညစ်ရစေနိုင်ပါတယ်။ အမှန်တကယ်တော့ သူက သူငယ်ချင်းဖြစ်သူနဲ့ ပိုရင်းနှီးချစ်ခင်ချင်တာမျိုး ဆိုရင် လူကြီးတွေ ကြားဝင်လိုက်တာ အမှားကြီးမှားပြီပေါ့။ ဒါ့ကြောင့် ကလေးရဲ့စိတ်ထဲ ဘယ်လိုခံစားချက် ရှိနေတာလဲဆိုတာ အရင်သိအောင် လုပ်ပါ။

ယုံကြည်မှု ရှိစေချင်တယ်

လူငယ်သဘာဝ သွားလာ လှုပ်ရှားမယ်၊ အရွယ်ရောက်လာပြီ ကလေးမဟုတ်တော့ဘူး၊ အသေးစိတ် စိတ်ပူနေစရာ မလိုတော့ဘူး လို့ မိဘတွေဘက်က ယုံကြည်ပေးစေချင်ကြတယ်။ အရာရာစစ်ဆေးမေးမြန်းနေတာမျိုး၊ အပြစ်တင်တာမျိုး မလိုချင်ဘူး။

ဘောင်ခတ်တာမျိုး မခံစားချင်ဘူး

လူငယ် တွေရဲ့ ဘဝမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လွတ်လပ်စွာ နေထိုင်ခွင့်ရတဲ့သူဟာ သူငယ်ချင်းတွေကြားမှာ စကားဖြစ်တော့တာပါပဲ။ ကန့်သတ်ချက်တွေနဲ့ ဘောင်ခတ်လို့ နေထိုင်ရတာက သူတို့အတွက် သိပ်ကျဉ်းကျပ်နေတတ်ပါတယ်။

ဒါတွေကို လူကြီးတွေဘက်က သိထားပြီ ဆိုရင် လူငယ်တွေကို နားလည်အောင် ကြိုးစားပေးပါ၊ ရင်းနှီးအောင် နေထိုင်ပါ၊ မတူညီတဲ့ အမြင်တွေကို လက်ခံဆွေးနွေးပေးပါလို့ အကြံပြုချင်ပါတယ်။ ဒါမှ လူကြီးနဲ့ လူငယ် အပြန်အလှန်အဆင်ပြေပြီး သူတို့ဘဝ အောင်မြင်မှုကို ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Yun Sandi Nan Mon

Ref :hellosayarwon

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top