YBS ၁၀၂ ယာဉ်လိုင်းအသစ် စတင်ပြေးဆွဲ

11-3-2020-yyl-022.jpg

YBS ယာဉ်လိုင်းအသစ်ဖြစ်တဲ့ ၁၀၂ ယာဉ်လိုင်းဟာ ဒီနေ့မနက်မှာပဲ စတင်ပြေးဆွဲနေပြီဖြစ်တယ်လို့ မတ် ၁၁ ရက်၊ မနက်ပိုင်းက လေးထောင့်ကန်လမ်းက YRTA ရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။

အဲဒီယာဉ်လိုင်းဟာ GYCT ကုမ္ပဏီရဲ့ ယာဉ်လိုင်းအသစ်ဖြစ်ပြီးတော့ ဒဂုံဆိပ်ကမ်းမြို့နယ်ကနေ ဒဂုံ တက္ကသိုလ်ကို ပြေးဆွဲမယ့် ယာဉ်လိုင်းဖြစ်ပါတယ်။ စီးတီးဘတ်စ်ယာဉ် အမျိုးအစား ၁၅ စီးနဲ့ စတင်ပြေးဆွဲတာ ဖြစ်ပြီး ယာဉ်စီးခက ခရီးစဉ်အစအဆုံး ၂၀၀ ကျပ်သာ ဖြစ်ပါတယ်။

”ဒီနေ့မနက် ၆ နာရီခွဲကနေစပြီး စတင်ပြေးဆွဲနေပါပြီ။ ဒဂုံဆိပ်ကမ်းမြို့နယ်ကနေ ဒဂုံတက္ကသိုလ်ကို ပြေးဆွဲပေးတာ ဖြစ်ပါတယ်။ စီးတီးဘတ်စ်ယာဉ် အမျိုးအစား ၃၅ စီးနဲ့ ပြေးဆွဲဖို့ GYCT ကုမ္ပဏီက တင်ပြ ထားပါတယ်”လို့ ဦးလှအောင်က ပြောပါတယ်။

အခုပြေးဆွဲတဲ့ ၁၀၂ ယာဉ်လိုင်းအသစ်ဟာ ဒဂုံဆိပ်ကမ်းကနေ စတင်ထွက်ခွာပြီး တောင်ဒဂုံမြို့နယ်ကို ဖြတ်သန်းပါမယ်။ အဲဒီကနေ စံပြဈေး၊ စံပြဈေးကနေ မြောက်ဒဂုံကိုဖြတ်သန်းပြီး ဂိတ်ဖျားဖြစ်တဲ့ ဒဂုံတက္ကသိုလ်ကို ဆက်လက်ပြေးဆွဲမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ပြည်သူလူထုသွားလာမှုအဆင်ပြေလွယ်ကူဖို့အတွက် ၁၀၂ ယာဉ်လိုင်းသစ်အပါအဝင် YBS ယာဉ်လိုင်း ၁၀၂ လိုင်းက လမ်းကြောင်း ၁၂၀ ကျော်နဲ့ ပြေးဆွဲနေပြီး တစ်နေ့ကို ယာဉ်စီးရေ ၄၄၀၀ ခန့်နဲ့ ခရီးသွားပြည်သူ ၁.၈ သန်းကို သယ်ယူပို့ဆောင်ပေးနေတာပါ။

ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေးအကဏ္ဍကို ပိုမိုကောင်းမွန်တဲ့ သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်ဖို့အတွက် ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၈ ရက်မှာ YRTA ကို စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်မှာ မထသစနစ်ကနေ YBS စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့တာဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top