တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့မှာ စာရင်းပေးသွင်းထားသူ တစ်သောင်းကျော်ပျက်ကွက်

11-3-2020-yyl-023.jpg

၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စတင်ဖြေဆိုတဲ့ ပထမနေ့မှာ ရန်ကုန် တိုင်းဒေသကြီးအတွင်းဖြေဆိုဖို့ စာရင်းပေးသွင်းသူတွေအနက် တစ်သောင်းကျော် ပျက်ကွက်ခဲ့တယ်လို့ အခြေခံ ပညာဦးစီးဌာန၊ ရန်ကုန်တိုင်းပညာရေးမှူးရုံးကနေ သိရပါတယ်။

မနေ့က မြန်မာစာကို စတင်ဖြေဆိုခဲ့ကြရတာဖြစ်ပြီး ပညာရေးမှူးရုံးကထုတ်ပြန်တဲ့ စာရင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲ့ ခရိုင် ၄ ခရိုင်အတွင်းက မြို့နယ် ၄၅ မြို့နယ်မှာ ဖြေဆိုဖို့စာရင်းပေးသွင်းထားသူတွေ အနက် ၁၀,၇၄၉ ဦး ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။

အရှေ့ပိုင်းခရိုင်မှာ ၄၄,၇၃၈ ဦး၊ အနောက်ပိုင်းခရိုင်မှာ ၁၆,၂၉၁ ဦး၊ တောင်ပိုင်းခရိုင်မှာ ၂၆,၂၈၉ ဦး၊ မြောက်ပိုင်းခရိုင်မှာ ၄၈,၃၇၀ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၃၅,၆၈၈ ဦးက တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုဖို့ စာရင်းပေးသွင်းခဲ့တာပါ။

အဲဒီထဲကမှ အရှေ့ပိုင်းခရိုင်မှာ ၃,၆၈၂ ဦး၊ အနောက်ပိုင်းခရိုင်မှာ ၁,၁၅၈ ဦး၊ တောင်ပိုင်းခရိုင်မှာ ၁,၇၈၀ ဦး၊ မြောက်ပိုင်းခရိုင်မှာ ၄,၁၂၉ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၀,၇၄၉ ဦးက လာရောက်ဖြေဆိုခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

အခုလိုလာရောက်ဖြေဆိုဖို့ပျက်ကွက်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေထဲမှာ ပြင်ပဖြေဆိုသူတွေက အများဆုံးဖြစ်ပြီး ၇၆၄၄ ဦးအထိ လာရောက်ဖြေဆိုခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ အတွင်းမှဖြေဆိုသူ ပျက်ကွက်စာရင်း ကတော့ ၃၁၀၅ ဦးသာ ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ စာစစ်ဌာန ၂၂၈ ခုရှိပြီး အရှေ့ပိုင်းခရိုင်မှာ ၇၆ ခု၊ အနောက်ပိုင်းခရိုင်မှာ ၃၄ ခု၊ တောင်ပိုင်းခရိုင်မှာ ၄၈ ခုနဲ့ မြောက်ပိုင်းခရိုင်မှာ ၇၀ ခု ဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top