အဆိုးရွားဆုံး စူပါတိုင်ဖွန်းမုန်တိုင်းကြောင့် ဂျပန်မှာ လူ ၉ သန်းကို နေရပ်စွန့်ခွာဖို့ ထုတ်ပြန်ထား

9-19-2022-yyl-53.jpg

နိုင်ငံသမိုင်းတစ်လျှောက် အဆိုးရွားဆုံး တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှု ကြုံတွေ့နေတဲ့ ဂျပန်နိုင်ငံမှာ လူ ၉ သန်းကို နေရပ်စွန့်ခွာဖို့ ထုတ်ပြန်ထားပါတယ်။ စူပါတိုင်ဖွန်းမုန်တိုင်း နန်မာဒိုဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ နံနက်ပိုင်းက ဂျပန်နိုင်ငံတောင်ဘက်စွန်း ကျူရှူကျွန်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လာမယ့်ရက်ပိုင်းအတွင်း အဓိကကျွန်းမကြီးဖြစ်တဲ့ ဟွန်ရှူကျွန်းကို ဖြတ်သန်းမယ်လို့ ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညက အရေးပေါ် ခိုလှုံရေးစခန်းတွေမှာ အိပ်စက်ခဲ့ရသူ သောင်းချီရှိပြီး နေအိမ် ၃၅၀၀၀၀ လောက် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။ နန်မာဒိုကြောင့် တစ်နာရီလေတိုက်နှုန်း ၁၄၅ မိုင်အထိ ရှိခဲ့ပြီး တချို့ဒေသတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁၆ လက်မအထိ ရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းကြောင့် ကျည်ဆန်ရထား၊ ကူးတို့သင်္ဘောနဲ့ လေကြောင်းခရီးစဉ် ရာပေါင်းများစွာကို ဖျက်သိမ်းခဲ့ရပါတယ်။ ဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေကိုလည်း ပိတ်ထားခဲ့ရပြီး တချို့အဆောက်အအုံတွေကို ကာကွယ်ဖို့ သဲအိတ်တွေ ချထားတာ တွေ့ရပါတယ်။

နန်မာဒိုမုန်တိုင်းကြောင့် လူတစ်ဦး သေဆုံးပြီး လူ ၇၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။ ရေတက်နေတဲ့ မြစ်ထဲကို ကားထိုးကျပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တာပါ။ မြေပြိုချိန်မှာ ပါသွားတဲ့ တဲအိမ်ထဲ လူရှိ၊ မရှိဆိုတာကိုလည်း မီးသတ်သမားတွေက စစ်ဆေး အတည်ပြုလျက်ရှိပါတယ်။ ကျူရှူကျွန်းမှာ မြစ်တစ်စင်း ကမ်းပါးကျိုးပေါက်ပြီး ရေဖုံးလွှမ်းမှု၊ မြေပြိုမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။


ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောရမယ့် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါကတော့ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကို စောင့်ကြည့်ဖို့အတွက် နယူးယော့ခ်ခရီးစဉ်ကို ရွှေ့ဆိုင်းထားပါတယ်။

Ref: Japan storm: Nine million people told to evacuate as super typhoon Nanmadol hits

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top