ကလေးတွေ ပျော်ရွှင်စေဖို့ ကမ်းခြေတစ်ခုဖန်တီးပေးထားတဲ့ အီတလီကဆေးရုံ

yyl-035.jpg

အခုခေတ်ဆေးရုံတွေက သူတို့ရဲ့လူနာတွေကို စိတ်ပျော်ရွှင်အောင် ကူညီပေးဖို့အတွက် နည်းလမ်းအသစ်တွေကို ရှာဖွေနေကြရပါတယ်။ အထူးသဖြင့် ကလေးလူနာတွေအတွက်ပါ။ သူတို့လေးတွေကို အိမ်မွေးတိရစ္ဆာန်လေးတွေ၊ ပုံလေးတွေ၊ ကလေးတွေကြိုက်နှစ်သက်တဲ့ပစ္စည်းတွေနဲ့ နှစ်သိမ့်မှုပေးရပါတယ်။ အီတလီနိုင်ငံ၊ ဂျီနိုအာမြို့က ဆေးရုံတစ်ခုက ဆေးရုံတက်နေရတဲ့ကလေးတွေအတွက် ထူးထူးခြားခြားလေးလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီဆေးရုံက သီးသန့်ရေကူးလို့ရတဲ့နေရာတစ်ခုအဖြစ် ပင်လယ်နားမှာ ကမ်းခြေတစ်ခုဖန်တီးပေးပြီး ကလေးလူနာတွေရဲ့ကျန်းမာရေးတိုးတက်လာအောင် ကူညီပေးခဲ့ပါတယ်။ အဲဒီနေရာလေးကို “Gaslini Beach” လို့အမည်ပေးထားပါတယ်။ ဒီလိုကမ်းခြေလေးဖန်တီးပေးခြင်းအားဖြင့် ကလေးတွေဟာ လတ်ဆတ်တဲ့လေကို ရှုရှိုက်မိသလို နေရောင်ခြည်ကိုလည်း ရရှိမယ်လို့ ဆရာဝန်တွေကယုံကြည်ထားပါတယ်။ ပင်လယ်လေက ကလေးတွေကို ခွန်အားပြည့်လာဖို့၊ အရိုးတွေသန်မာလာဖို့၊ ကိုယ်ခံအားစနစ်ကို တိုးတက်လာဖို့ ကူညီပေးနိုင်တယ်လို့လည်း ယုံကြည်ထားပါတယ်။

ကလေးတွေကို ပျော်ရွှင်စေတာက သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးတွေကို ကူညီပေးနိုင်သလို ခံစားရတယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုတွေကို ခံစားနေရတဲ့ကလေးတွေကို အကူအညီဖြစ်စေဖို့ပါပဲ။

ဒီသီသန့်ကမ်းခြေလေးကို ဇွန်လကနေ စက်တင်ဘာလအထိ ဖွင့်ထားပြီး ကလေးတွေနဲ့စောင့်ရှောက်တဲ့သူတွေကိုတော့ ဝင်ခွင့်အခမဲ့ဖြစ်ပါတယ်။ ကလေးတွေအတွက် ထီး၊ စားပွဲ၊ ပလက်ကုလားထိုင်တွေကို ထားပေးထားပါတယ်။ ပင်လယ်ကမ်းခြေမှာ သူတို့ကို ပျော်ရွှင်စေဖို့အတွက် အခြားဂိမ်းကစားနည်းတွေကိုလည်း စီစဉ်ပေးထားပါတယ်။ ကလေးတွေ ဘေးအန္တရာယ်ကင်းဖို့အတွက် ကယ်ဆယ်ရေးတွေရှိတဲ့အပြင် ကလေးတွေ ကစားနေတဲ့အတောအတွင်းမှာလည်း ကြည့်ရှုညွှန်ကြားပေးပါတယ်။

၂၀၁၈ခုနှစ်မှာ ကမ်းခြေမှာ ပျော်ရွှင်ကြတဲ့ကလေး (၃၀၀) ဝန်းကျင်ရှိပါတယ်။ မိသားစုဝင်တွေ၊ ဆေးရုံဝန်ထမ်းတွေအပါအဝင် အခြားလူတွေက ကမ်းခြေကို လာချင်ရင် ဝင်ကြေးပေးရပါတယ်။ ၂၀၁၉ခုနှစ်မှာ ကမ်းခြေကို အလည်အပတ်လာတဲ့သူ အရင်ကထက် (၅၀) ရာခိုင်နှုန်းတိုးလာတယ်လို့ သိရပါတယ်။

Ref: Brightside “An Italian Hospital Has Created a Beach to Keep Hospitalized Children Entertained”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply