ဘက်ကင်ဟမ်နန်းတော် (သို့) ဝင်ဆာရဲတိုက်မှာနေထိုင်ရမယ့် တကယ့်စင်ဒရဲလားတစ်ဦးကို ဗြိတိန်ဘုရင်မကြီးရှာဖွေနေ

yyl-025.jpg

ဘုရင်မကြီး အဲလစ်ဇဘက်သ် (Queen Elizabeth) က အလုပ်ခေါ်စာတစ်ခုထုတ်ပြန်လိုက်တာကြောင့် တော်ဝင်မိသားစုနဲ့ နီးစပ်ခွင့်ရချင်သူတွေအတွက်တော့ အခွင့်ကောင်းတစ်ခုရနိုင်ပြီလို့ဆိုရမှာပါ။ ဘယ်ရာထူးအတွက်အလုပ်ခေါ်တာလဲဆိုရင်တော့ သူ့ရဲ့တော်ဝင်အိမ်တော်တစ်လုံးမှာအချိန်ပြည့်နေထိုင်အလုပ်လုပ်ကိုင်မယ့် အိမ်တော်ထိန်း (အမျိုးသမီး) ရာထူးပဲဖြစ်ပါတယ်။

ဘက်ကင်ဟမ်နန်းတော် (သို့) ဝင်ဆာရဲတိုက် တစ်နေရာရာမှာနေပြီးအလုပ်လုပ်ကိုင်ရမယ့် ဒီရာထူးတာဝန်ကိုထမ်းဆောင်သူအနေနဲ့ တခြားတော်ဝင်အိမ်တော်တွေဆီ ကိုလည်းလှည့်လည်သွားလာခွင့်ပါရရှိနိုင်ဦးမှာပါ။

ဘုရင်မကြီးရဲက တစ်နှစ်စာအခမ်းအနားအချိန်ဇယားမှာက သူ့အကြိုက် ဥယျာဉ်တွင်းပါတီပွဲတွေကစပြီး ကမ္ဘာ့ခေါင်းဆောင်တွေ၊ နာမည်ကျော်တွေနဲ့တွေ့ဆုံဆွေးနွေးပွဲတွေအထိ ပွဲပေါင်းများစွာနဲ့ပြည့်နှက်နေတာကြောင့် အိမ်တော်ထိန်းအဖြစ်လျှောက်ထားလိုသူတွေအနေနဲ့ အချိန်ကိုကောင်းကောင်းစီမံခန့်ခွဲတတ်ဖို့လိုပြီး အသင်းအဖွဲ့နဲ့လုပ်ကိုင်တတ်တဲ့စွမ်းရည်ရှိရမယ်လို့ ဖော်ပြထားပါတယ်။

အိမ်တွင်းစီမံခန့်ခွဲထိန်းသိမ်းတဲ့အတွေ့အကြုံရှိဖူးသူဆိုပိုသင့်တော်ပြီး ဒါကမဖြစ်မနေလိုအပ်တာမျိုးတော့မဟုတ်သလို တက်ကြွထက်သန်မှုနဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုသူမျိုးကို ပိုလိုအပ်ကြောင်း ဖော်ပြထားတာကိုတွေ့ရပါတယ်။ လုပ်ခလစာကိုတော့ အလုပ်ခေါ်စာမှာထည့်သွင်းဖော်ပြမထားပေမဲ့ ဘက်ကင်ဟမ်နန်းတော်က အဆင့်မြင့်လူနေမှုအဆင့်အတန်းကြောင့် ဝန်ထမ်းတွေဟာ အလုပ်ရှင်ဖြစ်တဲ့ တော်ဝင်မိသားစုနည်းတူ သာသာယာယာနေထိုင်ခွင့်ရှိနိုင်မှာပါ။

Adrian Tinniswood ရဲ့ “တော်ဝင်ထီးနန်းရဲ့နောက်ကွယ်” စာအုပ်ထဲမှာတော့ အိမ်တော်ဝန်ထမ်းတွေအတွက် အားကစားခန်းမ၊ ရေကူးကန်နဲ့ တင်းနစ်ကွင်းလိုနေရာတွေ ဖန်တီးပေးထားတယ်လို့ ဖော်ပြထားပါတယ်။ ဒီအလုပ်ကိုလျှောက်ထားလိုသူတွေအနေနဲ့ Royal household website မှာ ၂၀၁၉ စက်တင်ဘာ ၁၅ မတိုင်ခင်ဝင်ရောက်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

Ref: Insider “The Queen is hiring a real-life Cinderella to live in Buckingham Palace or Windsor Castle”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top