မဲဆွယ်ရာမှာ ဗိုလ်ချုပ်အောင်ဆန်း ပုံကို ဘယ်ပါတီမှ အသုံးမပြုဖို့ တောင်းဆို

29-6-2020-yyl-031.jpg

ကိုယ်စားလှယ်တစ်ဦးချင်းဆီရဲ့ အရည်အသွေးကို အကဲဖြတ်ရွေးချယ်ပေးနိုင်စေဖို့အတွက် မဲဆွယ်ရာမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံကို ဘယ်ပါတီမှ အသုံးမပြုဖို့ ရွေးကောက်ပွဲကော်မရှင်ထံကို တောင်းဆိုထားတယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

ဇွန် ၂၉ ရက်က House of Orchid မှာပြုလုပ်တဲ့ ကျင့်ဝတ်လက်မှတ်ရေးထိုးပွဲ၊ ပါတီတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံပွဲတွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲအပြီး မီဒီယာတွေရဲ့မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားရာမှာ ဒေါက်တာနန္ဒာလှမြင့်က အခုလို ပြောကြားခဲ့တာပါ။

”ပါတီတစ်ခုတည်းအတွက်ကို ရည်ရွယ်ပြီး ပြောချင်တာမဟုတ်ပါဘူး။ အဲဒီလိုတောင်းဆိုတာကို ကော်မရှင်က ဘယ်သူပဲသုံးသုံး ပြဿနာမရှိပါဘူးဆိုတဲ့ပုံစံမျိုးနဲ့ လျောချသွားတယ်။ ရွေးကောက်ပွဲကော်မရှင် အနေနဲ့ နိုင်ငံရဲ့အနာဂတ်ကို လေးလေးနက်နက်စဉ်းစားစေလိုတယ်”လို့ ၎င်းက ပြောပါတယ်။

ဒီတောင်းဆိုချက်ကို ဇွန် ၂၆ ရက်နဲ့ ၂၇ ရက်တို့မှာ ပြုလုပ်ခဲ့တဲ့ ကျင့်ဝတ်လက်မှတ်ရေးထိုးပွဲ၊ ပါတီတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံပွဲတို့မှာ တောင်းဆိုထားတာပါ။ ဒီနေ့သတင်းစာရှင်းလင်းပွဲအပြီးမှာလည်း မီဒီယာတွေကတစ်ဆင့် ထပ်မံတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

တောင်းဆိုချက် ၁၂ ချက်ရှိတဲ့အနက် အဓိကအချက်က အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံကိုအသုံးပြုပြီး မဲဆွယ်တာကို ခွင့်မပြုဖို့အချက်ဖြစ်ပြီးတော့ ဒီအချက်ကို နိုင်ငံရေးပါတီများနဲ့ ကိုယ်စားလှယ် လောင်းများအတွက်ကျင့်ဝတ် Code of Conduct မှာ ထည့်သွင်းဖို့ တောင်းဆိုခဲ့တာပါ။

ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင်က မထည့်သွင်းပေးခဲ့တဲ့အတွက် နိုင်ငံရေးပါတီ ၂၀ ကျော်က ကျင့်ဝတ် လက်မှတ်ရေးထိုးပွဲမှာ လက်မှတ်မရေးထိုးခဲ့ကြဘူးလို့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်၊ အထွေထွေ အတွင်းရေးမှူး ကိုကျော်သူအောင်က ဆိုပါတယ်။

ပါတီ ၂၀ ကျော်ပါဝင်တဲ့ ဒီသတင်းစာရှင်းလင်းပွဲကို တာဝန်ရှိသူတွေက လူစုလူဝေးမဖြစ်စေဖို့ သတိပေး ခံရတဲ့အတွက် Online ကနေသာလွှင့်တင်ခဲ့ပြီးတော့ ပွဲပြီးမှသာ ဒေါက်တာနန္ဒာလှမြင့်နဲ့ ကိုကျော်သူအောင်တို့က ပြန်လည်ဖြေကြားပေးခဲ့ရတာ ဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top