မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရေး အခြေခံမူများ၊ ဦးစားပေးမှုများဆိုင်ရာ အဆိုပြုလွှာထုတ်ပြန်

31-8-2020-yyl-031.jpg

မြန်မာ့ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းက ပြီးခဲ့သည့်မေလအတွင်း “ကိုဗစ် ၁၉ လှိုင်းနှင့် မြန်မာ့ခရီးသွားလုပ်ငန်း’’ ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် အစိုးရအရာရှိများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကခေါင်းဆောင်များမှ လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများအတွက် အကြံပြုချက်များ ဝင်ရောက်ဆွေးနွေးခဲ့သည်။

Myanmar Centre for Responsible Business, Hanns Seidel Foundation နှင့် MRTI တို့၏ ပံ့ပိုးကူညီမှုဖြင့် ကောက်နူတ်ချက်များ ချမှတ်ခဲ့သည်။ ယခုထုတ်ပြန်ခဲ့သည့် အဆိုပြုလွှာသည် ရှာဖွေတွေ့ ရှိချက်ရလဒ်ဖြစ်ပြီး ကိုဗစ်ကာလအတွင်းနှင့် ကိုဗစ်ကာလပြီးနောက် မြန်မာ့ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော ထောက်ခံအကြံပြုမှုများအတွက် အသုံးပြုရန်ဖြစ်သည်။

“ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍအပေါ် ကိုဗစ်ရဲ့ သက်ရောက်မှုတွေကို ဘယ်လိုလျှော့ချနိုင်မလဲဆိုတာ ဒီအဆိုပြုလွှာက အဆိုပြုထားပါတယ်။ ယုံကြည်မှု၊ ဘေးကင်းလုံခြုံမှု၊ ခံနိုင်ရည်ရှိရှိ၊ ဟန်ချက်ညီညီ၊ တာဝန်ယူမှုရှိရှိနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ခရီးသွားလုပ်ငန်းအဖြစ် ပြန်လည်တည်ထောင်နိုင်အောင် ပြန်ချင့်ချိန်စဉ်းစားပြီး ပြန်လည်ရေးဆွဲဖို့ အချက် (၇)ချက်ကို အကြံပြုထားပါတယ်” ဟု Dr. Nicole Hausler က ပြောသည်။

(၁) ဘေးကင်းလုံခြုံမှုကို ပထမဆုံးဦးစားပေးခြင်း။
(၂) ပြည်တွင်းခရီးသွားလုပ်ငန်းကို မြှင့်တင်ခြင်း။
(၃) အပြည်ပြည်ဆိုင်ရာ ခရီးသွားများ ပြန်လည်ဖွင့်လှစ်ဖိတ်ခေါ်ရန် ချဉ်းကပ်သင့်သည့်အချက်များ ချ မှတ်ခြင်း။
(၄) ခရီးစဉ်ဒေသစီမံခန့်ခွဲ့ခြင်းနှင့် ဈေးကွက်ရှာဖွေခြင်းအပိုင်းကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း။
(၅) ဈေးကွက်မြှင့်တင်ခြင်းဆိုင်ရာ လက်ရှိချဉ်းကပ်မှုများကို ပြန်လည်သုံးသပ်ခြင်း။
(၆) ပံပိုးကူညီနိုင်စွမ်းအားမြင့်မားသော စီးပွားရေးနယ်ပယ်ကို တည်ဆောက်ခြင်း။
(၇) ကိုဗစ်ကာလအတွင်းနှင့် ကိုဗစ်အပြီးတွင် လူ့စွမ်းအားအရင်းအမြစ်များတွင် ရင်းနှီးမြုပ်နှံခြင်း၊ စီမံခန့်ခွဲခြင်း။

“ လောလောဆယ်မှာရော၊ အနာဂတ်မှာပါ ခရီးသွားတွေက လူဦးရေနည်းတဲ့ နေရာတွေကို ရှာဖွေကြမှာပါ။ ဒါဟာ ဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့အတွက် မြန်မာ့ခရီးသွားလုပ်ငန်းရဲ့ အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်’’ ဟု Myanmar Centre for Responsible Business မှ Senior Programme Associate ဦးဝင်းမင်းက ပြောသည်။ ပြီးခဲ့သည့် ဇွန်လက Forbes မဂ္ဂဇင်း၏ ဆောင်းပါးတစ်ပုဒ်တွင် “Rising Stars in Travels: Potential To Become Major Tourist Destinations In A Post-Covid World” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံအကြောင်း ဖော်ပြခဲ့ဖူးသည်။

ယခုအဆိုပြုလွှာသည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံခရီးသွားလုပ်ငန် းပင်မစီမံကိန်း ၂၀၂၁ မှ ၂၀၂၅ ခုနှစ်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။ ကိုဗစ်ကာလနှင့် ကိုဗစ်အလွန် မြန်မာ့ခရီး သွားဖွံ့ဖြိုးတိုးတက်ရေးနှင့် တာဝန်ယူမှုရှိသော ရေရှည်တည်တံ့သော ပြန်လည်ထူထောင်ရေးအတွက် ဂရုတစိုက်ရေးဆွဲထားသော ပင်မစီမံကိန်းဖြစ်သည်။

“ခရီးသွားလုပ်ငန်းဟာ မကြုံဖူးတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့ကာလဖြစ်ပါတယ်။ ဒါပေမဲ့ ကိုဗစ်အလွန်မှာ ခရီးသွားလုပ်ငန်းက အရင်အခြေအနေမျိုး ပြန်ရောက်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ခံနိုင်ရည်ရှိဖို့ ကြိုတင်ပြင်ဆင်ထားရမှာပါ။ ခံနိုင်ရည်ပိုရှိတဲ့၊ ဟန်ချက်ညီတဲ့၊ တာဝန်ယူမှု ပိုရှိတဲ့၊ ရေရှည်တည်တံတဲ့ ခြရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေးအတွက် ဒီစာတမ်းက လမ်းညွှန်ချက်တွေ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်’’ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်း ဥက္ကဌဒေါ်မေမြတ်မွန်ဝင်းမှ ပြောသည်။

Ref: Travel Daily News.Asia “White Paper released on principles and priorities for restarting tourism in Myanmar “

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top