ပညာလွန်သော် မာန ဆိုတဲ့ မြန်မာဆိုရိုးစကားရှိပါတယ်။ ပညာတတ်သူက ပညာမာန၊ ဥစ္စာရှိသူက ဥစ္စာမာန၊ ရုပ်ရည်လှသူက ရုပ်ရည်မာန ထောင်လွှားတတ် ကြပါတယ်။ လူပုဂ္ဂိုလ်များကို အပထား . . . ထေရ်ကြီးဝါကြီးဆရာတော်များပင် ထေရ်ကြီးဝါကြီးဖြစ်တာကိုအကြောင်းပြုပြီး မာနရှိကြတယ်လို့ သဲကုန်း ဆရာတော်ဘုရားကြီးက ဆင်ခြင်သုံးသပ်ခြင်းတရားတော်မှာ ဟောကြားခဲ့ဖူးပါတယ်။
မာနဆိုတာ အထားအသိုမတတ်ရင် ကိုယ်ကိုယ်တိုင်အတွက်ရော၊ ပတ်ဝန်းကျင်အတွက်ပါ အန္တရာယ်ရှိစေတဲ့အရာပါ။ မာနကိုရှေ့တန်းတင်တဲ့ ပုဂ္ဂိုလ်ရေး ကွဲလွဲမှုတွေက လူ့အဖွဲ့အစည်းကို အများကြီးထိခိုက်စေပါတယ်။ ”သူနဲ့တွဲလုပ်ရင် အလုပ်ဖြစ်မှာသေချာတယ်။ ဒါပေမဲ့ သူ့ပုံစံက ငါနဲ့မဖြစ်ဘူး”ဆိုတဲ့ စကား မျိုးကို လုပ်ငန်းခွင်သေးသေးလေးကအစ နိုင်ငံရေးသမားတွေအဆုံး လက်ကိုင်သုံးတတ်ကြပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ မာနစီမံခန့်ခွဲမှုလုပ်ပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းလိုအပ်ပါတယ်။
မာနစီမံခန့်ခွဲမှု (Ego Managament) အကြောင်း ပြောရရင် မဖြစ်မနေဥပမာပေးရမယ့်သူကတော့ အမေရိကန်သမ္မတဟောင်း အေဘရာဟမ် လင်ကွန်း ပါပဲ။ လင်ကွန်းဟာ သူ့ပြိုင်ဘက်တွေ၊ သူ့ကို ထိပ်တိုက်ရင်ဆိုင်အံ့တုရဲသူတွေနဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းပြီး ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ အထူးခြားဆုံးအစိုးရအဖွဲ့ ဖွဲ့စည်းခဲ့သူပါ။ အသွေးအသားထဲမှာ သမ္မတဖြစ်ချင်စိတ်ပြင်းပြနေပြီး အစိုးရဝန်ကြီးအဖွဲ့၊ လွှတ်တော်နဲ့ အမေရိကန်တစ်နိုင်ငံလုံးရှေ့မှာ သူ့ကို အချိန်ပြည့် ထိခိုက်အောင်လုပ်မယ်ဆိုတာသိသိကြီးနဲ့ လင်ကွန်းက ဆယ်မွန်ချေ့စ်ကို ဘဏ္ဍာရေးဝန်ကြီးခန့်အပ်ခဲ့ပြီး အဲဒီရာထူးမှာ (၃) နှစ်ကြာ ထမ်းဆောင်စေ ခဲ့ပါတယ်။
သူ့အတွက် ပုဂ္ဂိုလ်ရေးခံစားချက်ကအရေးမကြီးဘူး၊ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဆယ်မွန်ချေ့စ် ကောင်းကောင်းစွမ်းဆောင်နိုင်ဖို့ပဲအရေးကြီးတယ်ဆိုတာ လင်ကွန်းက ပြသခဲ့ပါတယ်။ လင်ကွန်းဟာ ခေတ်ပျက်နေတဲ့ကာလမှာ အမေရိကန်သမ္မတအဖြစ်ဦးဆောင်ခဲ့ရသူပါ။ ဒါကြောင့်လည်း နိုင်ငံ့ကောင်းကျိုး ရှေးရှုပြီး အတော်ဆုံး၊ လုပ်ရည်ကိုင်ရည်အရှိဆုံးသူတွေကို သူ့ဘေးနားမှာခေါ်ထားခဲ့တာပါ။ သူ့ရဲ့အာဏာမာနကို လွှတ်ချခဲ့သလို တခြားသူတွေရဲ့ မာနကို လည်း ကျင်လည်စွာကိုင်တွယ်နိုင်ခဲ့ပါတယ်။
လင်ကွန်းလည်း မဖြစ်မနေအခြေအနေတွေမှာတော့ အာဏာစက်ပြရတာမျိုးရှိပါတယ်။ ကျွန်စနစ် ဖျက်သိမ်းရေး ကိစ္စနဲ့ပတ်သက်ပြီး အစိုးရဝန်ကြီးအဖွဲ့ ကြားမှာ လနဲ့ချီကြာမြင့်တဲ့ အချေအတင်ဆွေးနွေးမှုတွေဖြစ်ခဲ့ပြီး အဖြေမထွက်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ လင်ကွန်းက ကျွန်စနစ်ဖျက်သိမ်းပြီး ကျွန်တွေ ကိုလွှတ်ပေးမယ့် သမိုင်းဝင်ကြေညာချက် (Emancipation Proclamation) ထုတ်ပြန်ဖို့ ယတိပြတ်ဆုံးဖြတ်ခဲ့ပါတယ်။ လင်ကွန်းက တခြားသူတွေရဲ့ အမှားတွေကို တာဝန်ခွဲယူပေးခဲ့လို့လည်း သူ့အပေါ် ပိုပြီးသစ္စာရှိခဲ့ကြတာပါ။
အမေရိကန်ပြည်တွင်းစစ်ကာလအတွင်း လင်ကွန်းရဲ့ခေါင်းဆောင်မှုစွမ်းရည်ကို မီးမောင်းထိုးပြခဲ့တဲ့ Team of Rivals စာအုပ်ကို ပူလစ်ဇာဆုရ အမေရိကန်သမိုင်းပညာရှင် ဂွတ်ဒ်ဝင်းက ၂၀၀၅ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်က ကမ္ဘာ့ရောင်းအားအကောင်းဆုံး စာအုပ်တစ်အုပ် ဖြစ်ခဲ့ပါတယ်။ အိမ်ဖြူတော်ကိုပြောင်းရွှေ့လာချိန်မှာ သမ္မာကျမ်းစာစာအုပ်ကလွဲပြီး သူနဲ့အတူယူလာချင်တဲ့ တစ်အုပ်တည်းသောစာအုပ်က Team of Rivals စာအုပ်ပဲလို့ အမေရိကန်သမ္မတ (ဟောင်း) အိုဘားမားက ပြောခဲ့ဖူးပါတယ်။ အိုဘားမားဟာ လင်ကွန်းရဲ့ခေါင်းဆောင်မှုစွမ်းရည်ကိုနမူနာယူပြီး သူ့ပြိုင်ဘက်တွေကို အစိုးရအဖွဲ့မှာထည့်သွင်းခဲ့ပါတယ်။ ဥပမာပြောရရင် သူ့ပြိုင်ဘက် ဟီလာရီကလင်တန်ကို နိုင်ငံခြားရေးဝန်ကြီးခန့်အပ်ခဲ့သလိုပေါ့။
ဒါဟာ အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံကိုဦးဆောင်တဲ့သူတွေအတွက် နမူနာကောင်းတွေပါ။ ခေါင်းဆောင်တွေဟာ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်နိုင်ငံကောင်းကျိုးအတွက် ပုဂ္ဂိုလ်ရေးခံစားချက်တွေကို ကျော်လွန်ရှုမြင်ရမယ်ဆိုတာ ဒီဖြစ်ရပ်တွေကသက်သေပါပဲ။ အနာဂတ်မှာ ခေါင်းဆောင် ဖြစ်လာမယ့်လူငယ်တွေ မာနအထားအသိုတတ်စေဖို့နဲ့ မာနစီမံခန့်ခွဲတတ်စေဖို့တောင်းဆုပြုရင်း အဆုံးသတ်လိုက်ပါရစေ။
Team (ရိုးရာလေး)