သတ်မှတ်တန်ဖိုးထက် ဈေးပိုပေးနေရတဲ့ အောင်ဘာလေ ထီလက်မှတ်

17-8-2020-yyl-038.jpg

မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော တရားဝင်ထီဖြစ်တဲ့ အောင်ဘာလေထီဆိုတာ လက်လုပ်လက်စား သာမန်ပြည်သူတွေအတွက် သူဌေးလောင်း မျှော်လင့်ချက်ဖြစ်ပြီး အစိုးရအတွက် အခွန်ဘဏ္ဍာငွေ ရှာပေးနေတဲ့ ဝင်ငွေစီးကြောင်းတစ်ရပ်ပါ။ ၁၉၃၈ ခုနှစ်မှာ ထီလက်မှတ်ဈေးနှုန်း နှစ်ကျပ်၊ ထီဆုငွေတစ်သိန်း ချီးမြှင့်ပြီး စတင်ရောင်းချခဲ့တဲ့ အောင်ဘာလေထီဟာ သက်တမ်း ၈၂ နှစ် ရှိလာခဲ့ပြီဖြစ်ပြီး ဒီနေ့အချိန်မှာတော့ ထီလက်မှတ်ဈေးနှုန်း ၁၀၀၀ ကျပ်၊ ထီဆုငွေကျပ် သိန်းတစ်သောင်းခွဲအထိ မြင့်တက်လာခဲ့ပါပြီ။

အစိုးရက ထီလက်မှတ်ဈေးနှုန်းကို ၁၀၀၀ ကျပ် သတ်မှတ်ထားပေမဲ့ နာမည်ကြီး ကိုယ်စားလှယ်ဆိုင်တွေကတော့ ထီတစ်စောင် ၁၂၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ အစိုးရရဲ့ မူရင်းထီဈေးကတော့ ထီအစောင်ရေ ၁၁ စောင်ပါတဲ့ ထီတစ်အုပ်ကို ၁၀,၀၀၀၊ ထီတစ်စောင်ကို ၉၁၀ ကျပ်နှုန်းနဲ့ ဖြန့်ဖြူးပေးပြီး ကိုယ်စားလှယ်တွေကို ထီတစ်စောင် ၁၀၀၀ နှုန်းနဲ့ ရောင်းချစေတာပါ။ ထီတစ်စောင်အတွက် ငွေကျပ် ၉၀ အမြတ်ပေးထားပါတယ်။ ဒါပေမဲ့ လက်ကားကိုယ်စားလှယ်တွေက လက်လီဆိုင်တွေထံ ထပ်ဆင့်ဖြန့်ဖြူးချိန်မှာတော့ ထီတစ်စောင်ကို ၁၀၇၅ ကျပ်နှုန်း သတ်မှတ်ပြီး လက်လီဆိုင်တွေက ၁၂၀၀ ကျပ်နှုန်းနဲ့ ရောင်းချလို့ ထီထိုးသူတွေက တစ်စောင်ကို ၂၀၀ ပိုပေးနေရပါတယ်။

အက္ခရာတစ်လုံးအတွက် ထီလက်မှတ်အစောင်ရေ ၉ သိန်းကျော် ထုတ်ပြီး အက္ခရာ ၃၆ လုံးအတွက် တစ်လကို ထီလက်မှတ်အစောင်ရေ သန်း ၄၀ ဝန်းကျင် ထုတ်ပါတယ်။ တစ်ထောင်တန်ထီမှာ ထီလက်မှတ်ရောင်းရငွေရဲ့ ၆၀ ရာခိုင်နှုန်းကို ဆုကြေး သတ်မှတ်ပေးပြီး ၄၀ ရာခိုင်နှုန်းကတော့ နိုင်ငံတော်ရဲ့အခွန်ဘဏ္ဍာငွေ ဖြစ်ပါတယ်။ ထီထိုးသူ ပြည်သူတွေက ထီတစ်စောင်အတွက် ငွေ ၂၀၀ ပိုပေးနေရတယ်ဆိုရင် ထီလက်မှတ် သန်း ၄၀ အတွက် ပိုပေးရတဲ့ ပိုက်ဆံက သန်း ၈၀၀၀(သိန်း ၈၀၀၀၀) ရှိပါတယ်။ တစ်ထောင်တန်ထီပေါက်ရင် အမြင့်ဆုံးရနိုင်တဲ့ ဆုကြေးငွေက သိန်းတစ်သောင်းခွဲဖြစ်ပေမဲ့ လစဉ်လတိုင်း ပြည်သူတွေ ဆုံးရှုံးသွားရတဲ့ ပိုက်ဆံက သိန်းတစ်သောင်းခွဲဆု ၅ ဆု၊ သိန်း ၅ ထောင်ဆု တစ်ဆုစာ ရှိနေပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ထီလက်မှတ် ဈေးတင်ရောင်းတဲ့ ကိုယ်စားလှယ်တွေကို ထီဝယ်ခွင့်ပိတ်ပင်ပြီး အာမခံငွေ ကျပ်သိန်း ၂၁၀၊ ၂၀၁၈ ခုနှစ်က ထီလက်မှတ် ဈေးတင်ရောင်းတဲ့ ကိုယ်စားလှယ် ၃၈၀ ကို ဝယ်ယူခွင့် ပိတ်ပင်ပြီး အာမခံငွေ ၂၁၃ သန်း သိမ်းဆည်းခဲ့ပေမဲ့ ဒီနေ့အချိန်အထိ ထီလက်မှတ်ဈေးတင်ရောင်းချမှုတွေ ရှိနေဆဲပါပဲ။ ပြည်သူတွေလည်း လစဉ်လတိုင်း တန်ဖိုးထက်ပိုပေးနေတဲ့ ထီထိုးရင်း ငွေကြေးဆုံးရှုံးမှုတွေ ရှိနေဆဲပါပဲ။ ၂၀၀ တန်ထီ၊ ၅၀၀ တန်ထီတွေ ဖွင့်လှစ်ခဲ့ချိန်ကတည်းက ဖြစ်ပေါ်ခဲ့တဲ့ ဈေးတင်ရောင်းချမှုတွေကို အဆုံးသတ်သင့်ပါပြီ။ ရေတိုကုစားနည်းမျိုးမဟုတ်ဘဲ အမြစ်ပြတ်တိုက်ဖျက်နိုင်ဖို့ အချိန်တန်နေပြီလို့ တိုက်တွန်းရင်း အဆုံးသတ်ပါရစေ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top