ရှင်တော်ဂေါတမ၏ ဆံတော်အစစ်များ ကိန်းဝပ်ရာ မျှော်ရစ်စေတီ

myaw-yit-pagoda-08.jpg

သည်တစ်ခါတော့ စာဖတ် ပရိတ်သတ်တွေကို မြန်မာနိုင်ငံ တောင် ဘက်စွန်းတွင်ရှိသော မျှော်ရစ်စေတီ ဆီသို့ ခေါ်ဆောင် သွားပါရစေ။

ထားဝယ်ကနေ မောင်းမကန်ရွာ လမ်းခွဲမှတဆင့် ၁ဝမိုင်ခန့် ထပ်သွားမည်ဆိုလျင် ပင်လယ်ဖက်သို့ စွန်းထွက်နေတဲ့ ကျောက်ဆောင်အငူပေါ်တွင် တည်ထားသည့် မျှော်ရစ်ဘုရားကို ဖူးမျှော်နိုင်ပါပြီ။ ဒေသခံတို့မှ မောရစ်စေတီလို့ ခေါ်ဆိုကြပြီး မူလပထမဘွဲ့တော်ကတော့ နဂါးရစ်မော်လို့ ဆိုထားပါတယ်။

မူလပထမဘွဲ့တော် နဂါးရစ်မော် ။ ။ အချိန်အားဖြင့် မဟာသက္ကရာဇ် ၁၀၃ခုတွင် ဂေါတမဗုဒ္ဓသည် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိလျက် ဘုရားအဖြစ် ရောက်တော်မူပြီးနောက် သတ္တာဟလင်းလွန်းပင်ရင်းဝယ် သမာပတ်ဝင်စားပြီးကာစ အချိန်ဖြစ်သည်။ ရာမညတိုင်း၊ ဥက္ကလာပပြည်တောင်ဘက် ပေါက္ခရဝတီမြို့မှ တဖုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ကုန်ရောင်း ကုန်ဝယ်အလို့ငှာ မဇ္စျိမဒေသသို့ ကုန်းတတန် ရေတတန်ဖြင့် ကူးသန်းကြရင်း မြတ်စွာဘုရား သမာပတ်ဝင်စားရာ လင်းလွန်းပင်သို့ ရောက်ရှိလာကြသည်။ မြတ်ဗုဒ္ဓအား ကြည်ညိုလှသဖြင့် ပျားမုန့်ဆွမ်း၊ မုန့်ကြွပ်ကျစ်တို့ကို ကပ်လှူကြပါသည်။ ကုန်သည်ညီနောင်တို့၏ တောင်းပန်လျှောက်ထားမှုအရ မြတ်ဗုဒ္ဓမှ ဒွေဝါဓိက သရဏဂုံ (ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ဓမ္မံသရဏံဂစ္ဆာမိ) တည်စေပြီး နောင်တွင် ရာမညတိုင်း၌ သံသနာ ပွင့်လန်းမည်ကို မြင်တော်မူ၍ ဆံတော်ရှစ်ဆူကို ကိုယ်စားကိုးကွယ်နိုင်ရန် အလို့ငှာ ချီးမြှင့်ခဲ့သည်။ ကုန်သည်ညီနောင်တို့၏ အပြန်ခရီးတွင် မဇ္စျိမတိုင်း အဇတ္တနာဂရ ပြည့်ရှင်မင်းသည် ဆံတော်နှစ်ဆူအား ပင့်ယူထားလိုက်ကြသည်။ ကုန်သည်ညီနောင်တို့လည်း ဆံတော်ခြောက်ဆူဖြင့် အပြန်ခရီးဆက်ကြရာ သမုဒ္ဒရာအတွင်း၌ လှိုင်းလေမသင့်သဖြင့် တောင်ဘက်ပိုင်းသို့ သင်္ဘောဆိုက်လေသည်။ ထိုဒေသရှိ တောင်စောင့်နတ်နဂါးတို့မှ ဆံတော်နှစ်ဆူကို ပင့်ယူပူဇော်ကြပြန်သည်။ ကုန်သည်ညီနောင်တို့လည်း ဆံတော်လေးဆူဖြင့် ဥက္ကလာပပြည်သို့ ခရီးဆက်သွားကြသည်။ တောင်စောင့်နတ်နဂါးတို့သည် ဆံတော်နှစ်ဆူကို ငှာပနာပြီး ခန္ဓာကိုယ်ဖြင့် အထပ်ထပ်ရစ်ပတ်၍ ကာကွယ်စောင့်ရှောက် ပူဇော်ထားကြသဖြင့် နဂါးရစ်မော်စေတီဟု နောင်တွင်ခေါ်ဝေါ်ကြသည်။

မင်းရာဇဒဏ် သင့်ရာမှ မျှော်ရစ်ဖြစ်လာပုံ ။ ။ အေဒီ ၁၀၉၂ခုတွင် ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီးသည် မြန်မာနိုင်ငံအနှံ့ ဖောင်စင်္ကြာလှည့်ရင်း နဂါးရစ်မော်အနီးသို့ ရောက်လာခဲ့သည်။ သိကြားမင်း လမ်းညွှန်မှုဖြင့် နဂါးရစ်မော်ဘုရားကို ဖူးမျှော်ရပြီး ဆံတော်ဌာပနာတိုက်ကို ငုံကာ စေတီတစ်ဆူ တည်ကြသည်။ မင်းကြီး၏ နောက်ပါအချို့မှာ ခရီးလမ်း ရှည်ကြာစွာ ခရီးဆက်ခဲ့ရခြင်းတို့ကြောင့် နေရပ် နှင့် မိသားစု တို့ကို လွမ်းဆွတ်တမ်းတစိတ်ဖြင့် ညည်းညူကြသည်။ မင်းကြီး ကြားသိသော် အမျက်တော်ရှ၍ စေတီတည်ပြီး ဖောင်ပြန်လွှင့်သော် ထိုနောက်ပါများအား နဂါးရစ်မော်တွင် နေခဲ့စေဟု အမိန့်ချမှတ်ခဲ့သည်။ ဖောင်စင်္ကြာထွက်သွားသည်ကို မျှော်ကြည့်ရင်း ကျန်ရစ်ခဲ့ရသဖြင့် မျှော်ရစ်ဘုရားဟု တွင်လာခဲ့သည်။

ဒေသခံအခေါ် မော်ရစ်ဘုရား ။ ။ နောက်ပိုင်းတွင် တံငါလှေများ ထိုနေရာရောက်လျင် ရစ်ပတ်၍ သွားလာရသော မော်အငူလေး ဖြစ်လာသဖြင့် မော်ရစ် လို့ ခေါ်ဆိုလာကြသည်။

ပင်လယ်ဘက် စွန်းထွက်နေတဲ့ ကျောက်အငူပေါ်တွင် တည်ထားခြင်း၊ စေတီအနောက်ဘက်တွင် သစ်ပင်ကြီးများ အုံ့အုံ့စိုင်းစိုင်း ရှိနေခြင်း၊ ကျောက်ဆောင်များ ပတ်လည်ဝိုင်းနေခြင်း တို့ကြောင့် မျှော်ရစ်စေတီသည် အလွန်သာယာလှသည်။ စာဖတ်သူတို့ ထားဝယ်ဘက်သို့ ရောက်ရင်ဖြင့် မျှော်ရစ်စေတီဆီသို့ သွားဖြစ်အောင်သွားဖို့ အကြံပြုလိုက်ပါသည်။

မျှော်ရစ်စေတီဝန်းကျင်မှ ကျောက်ဆောင်များ

ထားဝယ် မျှော်ရစ်စေတီဝန်းကျင် ရှုခင်းအလှ

ထားဝယ်မျှော်ရစ် ပင်လယ်ရှုခင်း

ထားဝယ်မျှော်ရစ်စေတီ

ထားဝယ်မျှော်ရစ်စေတီဆီသို့ သွားရာလမ်း

ထားဝယ်မျှော်ရစ်ရှိ ကျော်ဆောင်ပေါ်မှ စေတီများ

ထားဝယ်မျှော်ရစ်ရှိ ကျောက်လှိုဏ်ဂူငယ်အတွင်းမှ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ

Ref: ထားဝယ်ရာဇဝင်သမိုင်း (ဆရာကြီး ရွှေဝယ်ဧ)
Content & Photo by: Stacy Chan (ရိုးရာလေး)
‪#‎stacy_yyl‬
‪#‎tourism_yyl‬

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top