ကလေးတွေနဲ့ ခရီးသွားတဲ့အခါ

travelling-with-kids-happy-mother-with-her-child-P64PYSJ.jpg

တကယ်တော့ ကလေးတွေနဲ့ ခရီးသွားရတယ်ဆိုတာ ထင်သလောက်လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။

ခရီးသွားရတာ ကြိုက်နှစ်သက်တဲ့ ဖေဖေ၊ မေမေတို့အတွက် ကလေးလေးတွေ ပါနေလို့ ခရီးမသွားဖြစ်တော့တာမျိုး မဖြစ်ရလေအောင် ကလေးတွေနဲ့ ခရီးသွားတဲ့အခါ ယူဆောင်သွားသင့်ပြီး သားသား၊ မီးမီးတို့ကို ခရီးသွားနေစဉ်အတွင်း ဘယ်လို ထိန်းကျောင်းရမယ်ဆိုတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ခရီးဆောင် ခေါက်ပိုက်ဆံအိတ်

မဖြစ်မနေ ယူဆောင်သွားသင့်တဲ့ အရာတွေထဲမှာတော့ ခရီးဆောင် ခေါက်ပိုက်ဆံအိတ်က ထိပ်ဆုံးကနေ ပါဝင်ပါတယ်။ ပြည်ပခရီးတွေကို သွားတဲ့အခါမှာ တစ်မိသားစုလုံးရဲ့ နိုင်ငံကူးလက်မှတ်တွေကို ဒီအိတ်ထဲမှာ စုပြုံထည့်ထားနိုင်ပါတယ်။

တချို့လေဆိပ်တွေက သင့်ရဲ့ နိုင်ငံကူးလက်မှတ်နဲ့ ပတ်သက်ပြီး ကြိမ်ဖန်များစွာ မေးမြန်းကြပါတယ်။ တစ်ခါတုန်းကဆိုရင် လေကြောင်းလိုင်းတစ်ခုမှာ စာရေးသူတို့ ခြောက်ကြိမ်နဲ့ အထက် မေးမြန်းခံခဲ့ရတာပါ။ ဒါကြောင့်မို့လို့ လေယာဉ်ပေါ် မတက်ခင်မှာ နိုင်ငံကူးလက်မှတ်တွေအားလုံးကို တစ်ယောက်လက်ထဲမှာပဲ စုကိုင်ထားတာက အကောင်းဆုံးဖြစ်ပြီး ၎င်းခရီးဆောင် ခေါက်ပိုက်ဆံအိတ်က ကသိကအောက်မဖြစ်စေဖို့ အထောက်အကူပေးပါလိမ့်မယ်။

ခရီးဆောင်အိတ် စစ်ဆေးတဲ့အခါမှာ၊ လုံခြုံရေးဂိတ်မှာ၊ လေဆိပ်ထဲဝင်တဲ့ဂိတ်တွေနဲ့ လေယာဉ်ပေါ်ရောက်လို့ ထိုင်ခုံနေရာ ယူတဲ့အချိန်တွေအထိ နိုင်ငံကူးလက်မှတ် စစ်ဆေးခံရတတ်ပါတယ်။ တောင်းတဲ့အခါတိုင်း ဝန်ကျယ်တဲ့ ခရီးဆောင်အိတ်ကို ဖွင့်နေရတာမျိုးမဖြစ်ရလေအောင် ခရီးဆောင် ခေါက်ပိုက်ဆံအိတ်လေးကနေပြီး ကူညီပေးပါလိမ့်မယ်။ ပျောက်ဆုံးဖို့ ရာခိုင်နှုန်းနည်းပြီး နိုင်ငံကူးလက်မှတ်နဲ့ အခြားအရေးကြီးတဲ့ စာရွက်စာတမ်းတွေအားလုံးကို တစ်နေရာထဲ၊ လက်တစ်ခုတည်းမှာ စုစည်း သိမ်းထားနိုင်ပါတယ်။

လက်သန့်စင်ဆေးရည်နဲ့ တစ်ရှုးအစို

ကလေးငယ်လေးတွေက ဘာလို့အရာရာတိုင်းကို ထိချင်ကိုင်ချင်နေကြလည်း ဆိုတာကို စာရေးသူလည်း မသိပါဘူး။ လမ်းလျှောက်ပြီဆိုတာနဲ့ ရှိသမျှနံရံတွေ၊ ထိုင်ခုံတွေနဲ့ တံခါးတွေကို လိုက်ကိုင်တော့တာပါပဲ။ အဲဒီလိုမှ မဟုတ်လည်း ကလေးတွေရဲ့ သဘာဝအတိုင်း ကြမ်းပြင်ပေါ်မှာ ပြေးလွှား ဆော့ကစားနေတာပါ။ လူတွေအများကြီးနဲ့ ရှုပ်ယှက်ခက်နေတတ်တဲ့ လေယာဉ်ကွင်းလိုနေရာမျိုးက သန့်စင်ခန်းတွေထဲမှာ ဆပ်ပြာရည်နဲ့ ဆပ်ပြာတုံးတွေ မကြာခဏ ကုန်နေတတ်တယ်ဆိုတာဟာလည်း အံ့ဩစရာမရှိပါဘူး။

လက်သန့်စင်ဆေးရည်နဲ့ တစ်ရှုးအစိုတွေဟာ လေဆိပ်ကို ယူသွားဖို့အတွက် သင့်တဲ့အရာတွေပါ။ ကလေးတွေ ရောဂါဘယကနေ ကင်းဝေးစေးဖို့အတွက်သာမက သူတို့လေးတွေ အစားစားပြီးတဲ့အခါနဲ့ သင်ကိုယ်တိုင် အဆာပြေ မုန့်တွေစားပြီးတဲ့အခါမှာ သုံးဖို့အတွက် မရှိမဖြစ် ဆောင်ထားသင့်တဲ့ ပစ္စည်းနှစ်မျိုး ဖြစ်ပါတယ်။

သွားရည်စာနဲ့ ရေသန့်

စာရေးသူ ပထမဆုံးအကြိမ် ကလေးတွေနဲ့ ခရီးထွက်တုန်းက အဆာပြေမုန့်လေးတွေ ယူသွားဖို့ မေ့နေခဲ့ပါတယ်။ လေယာဉ် စထွက်တဲ့အချိန်မှာပဲ သမီးလေးက သူဗိုက်ဆာကြောင်း ပြောပါတော့တယ်။ ကံကောင်းတာက နေ့လည်စာ စားချိန်မို့ လေယာဉ်ကကျွေးတဲ့ နေ့လည်စာနဲ့ ကိုက်သွားတာပါ။

ဒါကြောင့်မို့လို့ ကလေးတွေနဲ့ ခရီးသွားမယ်ဆိုရင် အဆာပြေမုန့်နဲ့ ရေသန့်တွေကို အိမ်က စထွက်မယ်ဆိုကတည်းက လက်ထဲမှာ အသင့်ဆောင်သွားကြပါ။ လေယာဉ်ကွင်းထဲရောက်ပြီးမှ တစ်ခါ လုံခြုံရေးဂိတ်တွေကို ပြန်ဖြတ်ပြီး ဝယ်မယ်ဆို နည်းနည်းခက်ခဲပါတယ်။ အဲ့ဒါထက် ဈေးလည်းပိုကြီးလို့ပါ။

ကစားစရာ

စာရေးသူရဲ့ သမီးလေးကိုတော့ ခရီးမှာ သူဆော့ဖို့အတွက် မဂ္ဂဇင်းစာအုပ်လေးတွေ ဝယ်သွားပေးပါတယ်။ ကား၊ စတစ်ကာနဲ့ ရောင်စုံခဲတံတွေ အသုံးပြုပြီး ခြယ်လို့ရတဲ့ ပုံတွေပါတဲ့ မဂ္ဂဇင်း စာအုပ်မျိုးပါ။ ဒီလိုမှမဟုတ်ရင်လည်း ကိုယ့်ကလေး ပုံမှန်ဆော့နေကျဖြစ်တဲ့ အိမ်က အရုပ်သေးသေးလေး နှစ်ခု၊ သုံးခုလောက် ထည့်သွားလိုက်လည်း အဆင်ပြေပါတယ်။ ငြိမ်ဆေးကျွေးထားတဲ့ သဘောမျိုးပေါ့။

ဈေးဝယ်အိတ်

လုံခြုံရေးဂိတ်ကနေပြီး သင့်ရဲ့ အရည်တွေပါတဲ့ အလှပြင်ပစ္စည်း၊ လက်ဝတ်ရတနာ၊ ရှူးဖိနပ်နဲ့ ခါးပတ်တွေကို ထုတ်ယူစစ်ဆေးပြီးလို့ တစ်ဘက်ဂိတ်ရောက်တဲ့အခါ ကလေးငယ်လေးကို ဘေးမှာထားပြီး သင်ကိုယ်တိုင် ခရီးဆောင်အိတ်ထဲ ပစ္စည်းတွေ နေရာကျအောင် ပြန်လည် ထုပ်ပိုးရတယ်ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။

ဒါကြောင့်မို့လို့ ဈေးဝယ်အိတ်လေးတွေကို ယူသွားပါ။ ထုတ်ယူ စစ်ဆေးခံရတဲ့ ပစ္စည်းတွေကို ဈေးဝယ်အိတ်ထဲ စုပြုံထည့်လိုက်ပါ။ ဒီလိုလုပ်တာက သင့်ကလေးငယ်ကိုလည်း ဟိုဟိုဒီဒီ လျှောက်မသွားစေပဲ အန္တရာယ်ကင်းပြီး အချိန်ကုန်သက်သာကာ စိတ်ဖိစီးမှု နည်းစေပါတယ်။

အခုပြောပြပေးခဲ့တဲ့ အချက်တွေဟာ သင့်ကလေးငယ်နဲ့ အားလပ်ရက် ခရီးသွားတဲ့အခါမှာ တကယ်ပဲ အထောက်အကူဖြစ်တဲ့ နည်းလမ်းတွေဖြစ်လို့ အမှတ်ရစရာကောင်းတဲ့ ရက်စွဲတွေ ဖန်တီးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

Ref : Pinterest “5 carry on essentials for when travelling with kids”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top