KBZPay Mini App Solution ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေမည့် အခွင့်အလမ်းများရှာဖွေခြင်း၌ အားပေးကူညီရန် ရည်ရွယ်သော KBZPay Ecosystem Summit ကို ကမ္ဘောဇဘဏ်မှ ကြီးမှူးကျင်းပခဲ့

1.4.24-yyl-11.jpg

မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး နိုင်ငံအတွင်း ဦးဆောင်မိုဘိုင်းပိုက်ဆံအိတ်တစ်ခုဖြစ်သည့် KBZPay အား စီမံခန့်ခွဲနေသော ကမ္ဘောဇဘဏ်သည် KBZPay Ecosystem Summit အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် Wyndham Grand Yangon ဟိုတယ်၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို စီးပွားရေးလုပ်ငန်းရှင် ၁၀၀ကျော်၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် နည်းပညာဆိုင်ရာ Developer များ တက်ရောက်ခဲ့ကြပြီး KBZPay မှတစ်ဆင့် ဒစ်ဂျစ်တယ်နည်းပညာကိုအသုံးပြုပြီး စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေနိုင်မည့် အကြောင်းအရာများကို ဆွေးနွေးအဖြေရှာခဲ့ကြသည်။

KBZPay Ecosystem Summit သည် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာနိင်ငံမှ Developer Community ကို ချိတ်ဆက်ပေးရန် နိဒါန်းပျိုး အစပြု ဆောင်ရွက်ခြင်းဖြစ်သည်။ ယခုလို ဆွေးနွေးပွဲများကို မြန်မာနိုင်ငံတစ်ဝန်း ဆက်လက်ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ၊ Developer များအနေဖြင့် Summit မှ တဆင့် KBZPay Mini App solution ၏ စွမ်းဆောင်ရည်ကို အသုံးချနိုင်စေရန် ရည်ရွယ်ထားသည်။ KBZPay Mini App solution ဆိုသည်မှာ KBZPay App ထဲ၌တည်ရှိပြီး KBZPay မိတ်ဖက်စျေးဆိုင်များနှင့် အသုံးပြုသူများကို အဆင်ပြေလွယ်ကူစွာ ချိတ်ဆက်ပေးမည့် ပေါ့ပါးပြီး စွမ်းဆောင်ရည်မြင့်သည့် Mini အက်ပလီကေးရှင်းများ ဖြစ်သည်။

စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတတ်မှုများကို အားကောင်းစေသည့် လှုပ်ရှားမှုများကို ဦးဆောင် လျက်ရှိသော ကမ္ဘောဇဘဏ်သည် ဒစ်ဂျစ်တယ် ငွေပေးချေမှုများမှတစ်ဆင့် လူတိုင်းလက်လှမ်းမီနိုင်မည့် ငွေကြေး စနစ်တစ်ခုကို ပုံဖော်ရန် စွမ်းစွမ်းတမံ အဓိကထားလုပ်ဆောင်နေပါသည်။ ကမ္ဘောဇဘဏ်လီမိတက် အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းအောင်မှ အစည်းအဝေးတွင် ကမ္ဘောဇဘဏ်၏ ကတိကဝတ်ဖြစ်သော ဒစ်ဂျစ်တယ်စနစ်ဖြင့် မြန်မာ့စီးပွားရေးကို မြှင့်တင်ပြီး လူတိုင်းလက်လှမ်းမီနိုင်သော ငွေကြေးစနစ်ပုံဖော်လုပ်ဆောင်လျက်ရှိကြောင်း အဖွင့် အမှာစကားပြောကြားခဲ့သည်။

“တစ်နိုင်ငံလုံးမှာ လူတိုင်းလက်လှမ်းမီနိုင်တဲ့ ငွေကြေးစနစ် ရရှိနိုင်ဖို့နဲ့ နိုင်ငံရဲ့ လူဦးရေ အများစုကို ဒစ်ဂျစ်တယ် ငွေကြေးဂေဟစနစ်ဆီကို ခေါ်ယူဖို့ အားထုတ်တဲ့နေရာမှာ KBZPay ဂေဟစနစ် Ecosystem ကို ပိုပြီး ကျယ်ပြန့် တိုးတက်အောင် တည်ဆောက်ဖို့ ကျွန်တော်တို့ ကြိုးစားလျက်ရှိပါတယ်။ ဒါကြောင့် KBZPay ထဲမှာ Mini Apps တွေ ဖန်တီးပြုလုပ်ပြီး အကောင်အထည်ဖော်ကြဖို့အတွက် လုပ်ငန်းတွေကို အားပေးတိုက်တွန်းနေတာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေကို ပိုမိုကောင်းမွန်စုံလင်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်မှာဖြစ်ပါတယ်။ တစ်ချိန်တည်း မှာပဲ လုပ်ငန်းတွေအနေနဲ့လည်း အသုံးပြုသူအများအပြားနဲ့ ချိတ်ဆက်လာနိုင်မှာဖြစ်ပြီး သူတို့ရဲ့ ဒစ်ဂျစ်တယ်ပိုင်း ဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုတွေမှာချောမွေ့လွယ်ကူလာမှာပဲဖြစ်ပါတယ်။”ဟူ၍ကမ္ဘောဇဘဏ်လီမိတက် အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းအောင်မှ ပြောသည်။

အမှုဆောင်အရာရှိချုပ်ဦးဇော်လင်းအောင်၏မိန့်ခွန်းအပြီးတွင် ကမ္ဘောဇဘဏ်လီမိတက်ဒုတိယမန်နေးဂျင်းဒါရိုက်တာ ဦးစိုးကိုကိုက KBZPay Mini App solution သည် စီးပွားရေးလုပ်ငန်းများကို အွန်လိုင်းသို့ ပြောင်းရွှေ့၍ ဖွံ့ဖြိုး တိုးတက်လာစေရန် ကူညီပေးနိုင်မည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ KBZPay Ecosystem Summit ၏ “ဒစ်ဂျစ်တယ်လူနေမှုဘ၀၏ အနာဂတ်ကို စူးစမ်းခြင်း” ဟူသောခေါင်းစဉ်နှင့်အညီ မြန်မာနိုင်ငံတစ်ဝန်းရှိ စီးပွားရေး လုပ်ငန်းကြီးငယ် တို့က KBZPay ကို ဒစ်ဂျစ်တယ်စီးပွားရေးအတွက် အသုံးချပြီး အခွင့်အလမ်းများနှင့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေနိုင်သော ရလဒ်တစ်ခု ဖန်တီးပေးမည့် အနာဂတ်ကိုမျှော် မှန်းတွေးဆထား ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး KBZPay ၏ အကြီးတန်းအထွေထွေမန်နေဂျာ ဖြစ်သူ ဒေါ်အိသန္တာလှိုင်မှ KBZPay Ecosystem ၏ တမူထူးခြား သည့် အားသာချက်များအကြောင်းကို မိတ်ဖက်လုပ်ငန်းများ၊ Developer များ၊ အသုံးပြုသူများထံ ဝေမျှပြော ကြားခဲ့ပါသည်။ KBZPay Ecosystem Summit တွင် လက်ရှိ Mini App မိတ်ဖက်လုပ်ငန်းများဖြစ်သော ခရီးသွား လုပ်ငန်း JJ Express၊ ခရီးသွားလက်မှတ်ရောင်းဝယ်ရေးကုမ္ပဏီ Innoveller (MMBusTicket) နှင့် တယ်လီ ကျန်းမာရေး ဝန်ဆောင်မှု My-Medicine တို့မှ ၎င်းတို့လုပ်ငန်းများနှင့် KBZPay တို့၏ပူးပေါင်းလက်တွဲ မှုများမှရရှိခဲ့သော အောင်မြင်မှုများ၊ အတွေ့အကြုံများကို တင်ဆက်ပြသမှုများနှင့် အခမ်း အနားကို အဆုံးသတ်ခဲ့ ပါ သည်။ ယခုကဲ့သို့ မိတ်ဖက်လုပ်ငန်းများ၏ အောင်မြင်မှုများမှတစ်ဆင့် ပွဲတက်လာ သူများအား KBZPay ၏ Mini App solution ကို အသုံးပြု၍ လုပ်ငန်းများအနေဖြင့် ဖောက်သည်အသစ်များနှင့် ချိတ်ဆက်ပြီး လုပ်ငန်းဆက် လက်တိုးချဲ့နိုင်မည့် အခွင့် အလမ်းများကို ဖော်ပြနိုင်ခဲ့ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top