နှစ်သစ်ကူးညမှာ ကမာရွတ်တစ်မြို့နယ်လုံးက လမ်းဘေးဈေးသည်တွေကို ယာယီပိတ်သွားမယ်

30-12-2020-yyl10.jpg

ရန်ကုန် ဒီဇင်ဘာ ၃၀

နိုင်ငံတကာနှစ်သစ်ကူးညဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက်၊ ညပိုင်းမှာ လှည်းတန်းအပါအဝင် ကမာရွတ်မြို့နယ် တစ်ခုလုံးမှာရှိတဲ့ လမ်းဘေးဈေးသည်တွေအားလုံးကို ယာယီပိတ်သွားမယ်လို့ ကမာရွတ်မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဒေါ်သန်းသန်းဌေးက ရိုးရာလေးကို ပြောပါတယ်။


အခုလိုဆောင်ရွက်တာဟာ လူစုလူဝေးဖြစ်ပြီး ရောဂါပိုးပြန့်ပွားမှုမဖြစ်စေဖို့အတွက် ကြိုတင်ကာကွယ် ထိန်းချုပ်တဲ့အနေနဲ့ မြို့နယ်ကိုဗစ်ကော်မတီကနေ လမ်းဘေးဈေးသည်တွေကို နှစ်သစ်ကူးညမှာ ဆိုင်မထွက်ကြဖို့ မေတ္တာရပ်ခံထားတာဖြစ်တယ်လို့ သူမက ဆိုပါတယ်။

”တစ်ရက်တည်းပဲပိတ်မှာပါ။ ဒီဇင်ဘာ ၃၁ ရက်နေ့၊ တစ်ရက်တည်းမှာ မထွက်ကြဖို့ မေတ္တာရပ်ခံထားတာပါ။ မလိုက်နာရင် ထွက်တဲ့ဆိုင်ကို ဖယ်ရှားပါမယ်။ ပစ္စည်းတွေသိမ်းပါမယ်။ ဒါပေမဲ့ ဈေးသည်တွေက လိုက်နာကြတာများပါတယ်”လို့ ဒေါ်သန်းသန်းဌေးက ပြောပါတယ်။


ကမာရွတ်မြို့နယ်အတွင်းက လမ်းဘေးဈေးသည်တွေဟာ လှည်းတန်းလမ်းနဲ့ အင်းစိန်လမ်းမှာအများဆုံးရှိပြီး ဗဟိုလမ်းမှာ အနည်းငယ်ပဲရှိတာဖြစ်ပေမယ့် ဒီလမ်းသုံးလမ်းလုံးက လမ်းဘေးဈေးသည်တွေအားလုံး အကျုံးဝင်တယ် ဆိုတာကို လိုက်လံအသိပေးထားတယ်လို့ သူမက ဆိုပါတယ်။

လက်ရှိကိုဗစ်ကာလအတွင်းမှာ ကမာရွတ်မြို့နယ်အတွင်းက လမ်းဘေးဈေးသည်တွေအားလုံးကို ညနေ ၆ နာရီကနေ ည ၉ နာရီအထိ ဖွင့်လှစ်ခွင့်ပေးထားပြီးတော့ စည်းမျဥ◌်းစည်းကမ်းတွေ လိုက်နာဖို့အတွက်လည်း စည်းကမ်းထိန်းသိမ်းရေးတွေ ဆောင်ရွက်နေတယ်လို့ ဒေါ်သန်းသန်းဌေးက ပြောပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုဗစ် ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၂၃၀၀၀ ကျော်ရှိပြီးတော့ သေဆုံးသူလူနာပေါင်း ၂၆၀၀ ကျော်ရှိကြောင်း သိရပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top