မင်္ဂလာပါ။ ဒီနေ့ ကျွန်တော်ဆွေးနွေးချင်တာလေး တစ်ခုရှိပါတယ်။ ဆွေးနွေးရမယ့် အကြောင်းအရာကို မပြောခင် ဆွေးနွေးဖို့ ဖြစ်လာတဲ့ အကြောင်းရင်းခံကို အရင်ပြောပါရစေ…
မနေ့က ကျွန်တော်တို့ ဆရာ “မြသန်းတင့်ရဲ့ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်” စာအုပ်အကြောင်း ဆွေးနွေးဖြစ်ကြပါတယ်။ အဲဒီမှာ တစ်ယောက်က ဘာပြောလဲဆိုတော့ ဒီလို လှေပျက်ပြီး လူမသိ၊ သူမသိနေရာမှာ သောင်တင်နေတဲ့အခါမှာတော့ ပညာတို့ ပကာသနတို့ဆိုတာ အလကားပဲလို့ ဆိုလာပါတယ်။ ကျွန်တော် မငြင်းသင့်မှန်း သိသိကြီးနဲ့ ပြန်ငြင်းမိလျက်သားဖြစ်သွားတယ်ဗျ.. ဘာလို့လဲဆိုတော့ သူပြောတဲ့ထဲက ပကာသနဆိုတာ အလကား ဆိုတာတော့ ကျွန်တော် လက်ခံတယ်။ ပညာဆိုတာ အလကားဆိုတာတော့ ကျွန်တော်လက်မခံချင်ဘူးလေ…
သူကတော့ အတန်းပညာတွေကို ဆိုလိုဟန်တူပါတယ်။ ကျွန်တော်ကတော့ အိုခေ.. ဒီလိုဆို သံချောင်း သူအသက်ရှင်ရေးအတွက်၊ ကိုနန္ဒာနဲ့ ရဲရင့်တို့ အသက်ရှင်ရေးအတွက် ကြိုးပမ်းနေတာကရော ပညာမဟုတ်ဘူးလား ဆိုတာမျိုးတွေးမိသွားပါတယ်။ ဆိုတော့ ကျွန်တော်မေးချင်တာက ရိုးရာလေး ပရိသတ်ကြီးရော ပညာဆိုတာကို ဘယ်လို လက်ခံထားလဲ? ကျွန်တော့အမြင်မှာတော့ ပညာဆိုတာ ကိုယ်ကျွမ်းကျင်တဲ့ အတတ်ပညာတစ်ခုပါပဲ။
လိမ်တာလား? မကောင်းပေမဲ့ ဒါလည်း ပညာပါပဲ။ ကာယလုပ်သားလား? သူကျွမ်းကျင်တဲ့ အရာရှိနေသရွေ့ သူပညာတတ်တာပါပဲ။ ရေလုပ်သားဟာ ရေထဲမှာ ကျွမ်းကျင်နေတာ သူ့ရဲ့ ပညာပါပဲ။ ဆီသည်မ ဆီကို မဖိတ်မစင်ဘဲ ဘူးထဲ ထည့်နိုင်တာ ပညာပါပဲ။ ဒါတော့ ကျွန်တော့်အတွေးပေါ့။
ပြန်ဆက်ရမယ်ဆိုရင်တော့ ပြောရင်းဆိုရင်း တစ်ယောက်က သူ သူငယ်တန်းကနေ ဆယ်တန်းအထိ သင်လာတဲ့ အရာတွေက သူ့ဘဝအတွက် တစ်ခုမှ အသုံးမဝင်ဘူးတဲ့။ ဒါလည်း ကျွန်တော်သိပ်လက်မခံချင်ဘူးရယ် 😀 လက်မခံချင်ဘူးဆိုတာက ကိုယ့်အတွက် အသုံးမဝင်တဲ့အရာလို့ ရှိမှ မရှိဘဲလေ နော်.. ကိုယ်အသုံးချတတ်တာ၊ မချတတ်တာပဲ ကွာတာမဟုတ်လား? ထားပါတော့ ကျွန်တော်တို့ ခုစာရေးကြတယ်။ ကျွန်တော့်စိတ်ထဲတော့ ဒါဟာ ကျွန်တော်တို့ စာဖတ်ထားတဲ့ အလေ့အကျင့်တွေ၊ စာစီစာကုံးကျောင်းကရေးခိုင်းလို့ ရေးကြရင်းက ရလာတဲ့ အကျင့်တွေလို့ ထင်ပါတယ်။ ကျွန်တော့် အမြင်ကိုပြောတာပါ။
နောက် အင်္ဂလိပ်စာပေါ့… ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရတဲ့ သင်ရိုးညွှန်းတန်းအတိုင်း He is Kyaw Kyaw. I am Aye Aye. နဲ့ ရပ်နေရင်တော့ အဲဒီနေရာမှာ အဲ့အတိုင်း ကျန်ခဲ့မှာပဲလို့ ကျွန်တော်ထင်ပါတယ်။ အခြေခံကျောင်းတွေဟာ အခြေခံကိုပဲ သင်ပေးနိုင်မှာပါ။ အခြေခံထက်ပိုအောင်တော့ ကိုယ့်ဘာသာ လေ့လာယူရတာပဲမဟုတ်လား။ ဒါဟာ အသုံးဝင်ခြင်း၊ မဝင်ခြင်း မဟုတ်ဘဲ သင်ယူတတ်ခြင်း၊ မယူတတ်ခြင်းနဲ့ ဆိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သင်ယူထားတဲ့အရာကို အသုံးချတတ်ဖို့လည်း လိုသေးတာပေါ့။ စောစောက ပြောခဲ့တဲ့ He is Kyaw Kyaw တစ်လုံးနဲ့ Who မေးခွန်းကို ပေါင်းစပ်တတ်ရင်တောင် သူများတစ်ခွန်းမေး၊ ကိုယ်တစ်ခွန်းဖြေလို့ ရပြီမဟုတ်လား…
ဒါတော့ ဘာသာစကားတွေမို့ ထားပါတော့.. ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ စသဖြင့်တွေကရော ဘယ်လိုပြောမလဲ? ဆိုခဲ့ရင် ကျွန်တော်ကတော့ ဗဟုသုတအနေနဲ့ ယူပါလို့ပဲ ပြန်ပြောချင်ပါတယ်။ စီးပွားရေးကို စိတ်ဝင်စားတဲ့သူဟာ ဘောဂဗေဒကို ကြောက်နေစရာမလိုပါဘူး။ ကိုယ့်ရဲ့ စိတ်ဝင်စားရာ ဘာသာရပ်ကိုလိုက်ပြီး Career ကို ရွေးချယ်နိုင်ဖို့၊ ဗဟုသုတတွေ ရယူနိုင်ဖို့၊ ဝါသနာကို ရှာတွေ့နိုင်ဖို့အတွက် ခွဲထားပေးတယ်လို့ပဲ ကျွန်တော်ယူဆပါတယ်။ (ဒါတော့ မိဘတွေနဲ့ ဆရာတွေရဲ့ ဖိအားမပါရင်ပေါ့… )
ဆိုကြပါစို့… အပင်တွေက သက်ရှိတွေဆိုရင် ဘယ်လို အသက်ရှူလဲ? ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ကို ရှူပြီး အောက်စီဂျင်ကို ပြန်ထုတ်ပေးတယ်။ ဒီအဖြေတစ်ခုတည်းမှာတင် ဇီဝဗေဒရော ဓာတုဗေဒပါ ပါဝင်သွားပါပြီ။ နောက် ဒါလည်း ဗဟုသုတတစ်မျိုးပဲ မဟုတ်လား?
ပြန်ကောက်ရမယ်ဆို ကျွန်တော်ကတော့ ငယ်ငယ်တည်းက ခုချိန်ထိ သင်ခဲ့တဲ့ ပညာတွေ အသုံးမဝင်ဘူးလို့ မရှိဘဲ၊ ကိုယ်အသုံးချတတ်ခြင်း၊ မချတတ်ခြင်းအပေါ်မှာ မူတည်တယ်လို့ ယူဆပြီး ပညာရပ်ဆိုတာကတော့ ကျွမ်းကျင်တဲ့ အရာတစ်ခုကို လွယ်လွယ်ကူကူ အသုံးချတတ်ခြင်းက ပညာရယ်လို့ လက်ခံထားတယ်လို့ ယူဆပါတယ်။ ကျွန်တော်ဆွေးနွေးချင်တာကလည်း ဒါပါပဲ.. ရိုးရာလေးပရိသတ်ကြီးရော ပညာ ဆိုတာကို ဘယ်လိုယူဆထားလဲ? နောက် ငယ်ငယ်တည်းက ခုချိန်ထိ သင်လာတဲ့ ပညာတွေကို အရေးမပါဘူး၊ အသုံးမဝင်ဘူးလို့ ထင်လား? ဒါမှမဟုတ် သုံးတတ်ဖို့လိုတယ်၊ သုံးတတ်ရင် အသုံးကျတယ်လို့ ယူဆလား? အကြောင်းရင်းကရော ဘာဖြစ်မလဲ? ဖြေပေးကြည့်ကြပါဦးလို့…
Angelic Demon (ရိုးရာလေး)