သွားဆေးခန်းကနေ ထွက်ပြေးသွားတဲ့ ကိုလံဘီယာလွှတ်တော်အမတ်ဟောင်းကို ဗင်နီဇွဲလားနိုင်ငံမှာ ဖမ်းမိ

yyl-010-15.jpg

ထွက်ပြေးတိမ်းရှောင်နေတဲ့ ကိုလံဘီယာလွှတ်တော်အမတ်ဟောင်း မာလာနိုကို ဗင်နီဇွဲလားအထူးတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ မဲဝယ်ခဲ့လို့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံခဲ့ရတဲ့ မာလာနိုဟာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အကျဉ်းထောင်အစောင့်အကြပ်တွေကို လှည့်စားပြီး ထွက်ပြေးလွတ်မြောက်သွားသူပါ။ မာလာနိုဟာ ပုဂ္ဂလိက သွားဆေးခန်းတစ်ခုမှာ သွားညှိကုသမှုခံယူဖို့ အကျဉ်းထောင်အကြီးအကဲကို ခွင့်တောင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ဒုတိယထပ်မှာရှိတဲ့ သွားဆေးခန်းကနေ လမ်းမပေါ်ကို ကြိုးနဲ့လျှောဆင်းခဲ့ပြီး ကြံရာပါတစ်ယောက်က သူ့ကို ဆိုင်ကယ်ပေါ် တင်ခေါ်သွားခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ ကိုလံဘီယာနိုင်ငံ အကျဉ်းထောင်စနစ်အတွက် အကြီးအကျယ် အရှက်ရစရာဖြစ်ခဲ့ပါတယ်။ မာလာနိုကို ဘာကြောင့် ထောင်ထဲက ထွက်ခွင့်ပေးခဲ့တာလဲ၊ အစောင့်အကြပ်တွေက သူနဲ့အတူ သွားဆေးခန်းထဲ လိုက်မသွားတာ ဘာလို့လဲဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် အကျဉ်းထောင်အကြီးအကဲလည်း ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဗင်နီဇွဲလားနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ ကိုလံဘီယာနိုင်ငံသားတစ်ယောက်နဲ့အတူ မာလာနိုကို ဖမ်းမိခဲ့တာလို့ ဗင်နီဇွဲလားနိုင်ငံ အထူးတပ်ဖွဲ့ကို ဦးဆောင်တဲ့ ဒိုမင်ဂွက်ဇ်က အင်စတာဂရမ်ပေါ်မှာ ဖော်ပြခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံက မာလာနိုကို ကိုလံဘီယာနိုင်ငံထံ လွှဲပြောင်းပေးမလားဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top