သိထားသင့်တဲ့ သားဆက်ခြားနည်းလမ်းများ

mom-and-baby.jpg

picture of happy mother with baby over white

ဖိုမ၊ ဆက်ဆံမှုရှိတဲ့ အမျိုးသား၊ အမျိုးသမီးတွေအနေနဲ့ သားဆက်ခြားနည်းလမ်းတွေကို သိထားသင့်ပါတယ်။ မိသားစု စီမံကိန်း၊ သားဆက်ခြားနည်းလမ်းတွေကို သိရှိခြင်းအားဖြင့် မိခင်သေဆုံးမှုနှုန်းကို လျော့ချပေးခြင်း၊ မွေးကင်းစကလေး သေဆုံးမှုကို လျှော့ချပေးခြင်း၊ အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ခြင်းကို ကာကွယ်ပေးခြင်း၊ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကလေးမွေးဖွားခြင်းကြောင့် ဖြစ်လာတဲ့ အန္တရာယ်တွေကို ကာကွယ်တားဆီးပေးခြင်း၊ ပျိုရွယ်သူတွေ အရွယ်မတိုင်မှီ ကိုယ်ဝန်ဆောင်ခြင်း မွေးဖွားခြင်းတွေကို လျော့ချပေးခြင်း၊ ကျန်းမာရေးပညာရေး အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်စေခြင်း၊ နိုင်ငံရဲ့ လူမှုရေး စီးပွားရေးကို ဖွံ့ဖြိုးစေခြင်းတွေ ဖြစ်နိုင်ပါတယ်။

ကွန်ဒုံး(Condoms)

  • အမျိုးသားသုံးနဲ့ အမျိုးသမီးသုံး ကွန်ဒုံး (၂) မျိုးရှိပါတယ်။
  • နည်းစနစ်မှန်ကန်စွာ လိင်ဆက်ဆံတိုင်း သုံးရန် လိုအပ်ပါတယ်။
  • ကိုယ်ဝန်မရအောင် တားဆီးပေးတဲ့အပြင် အိပ်ချ်အိုင်ဗွီ(HIV) အပါအဝင် လိင်ကနေတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။
  • လိင်ဆက်ဆံရာမှာ အနှောက့်အယှက်မဖြစ်စေပါ။
  • ဟော်မုန်းကြောင့် ဖြစ်တတ်တဲ့ ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ ဝလာခြင်းတွေ မဖြစ်ပါ။

အရေးပေါ်သားဆက်ခြားစားဆေး(Emergency Contraceptive Pills)

  • ဟော်မုန်းဆေးတစ်မျိုးဖြစ်ပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် နာရီ (၁၂၀) အတွင်း သောက်သုံးနိုင်ပါတယ်။
  • လိင်ဆက်ဆံပြီး စောနိုင်သမျှစောစွာသောက်လေ အာနိသင် ထိရောက်လေဖြစ်ပါတယ်။
  • အမျိုးသမီးတိုင်းအတွက် အန္တရာယ်ကင်းတဲ့ နည်းဖြစ်ပါတယ်။
  • အကယ်လို့ ကိုယ်ဝန်ရှိနေရင်လည်း ကိုယ်ဝန်ကိုဖြစ်ဖြစ်၊ သန္ဓေသားကိုပဲဖြစ်ဖြစ် အန္တရာယ်မဖြစ်စေနိုင်ပါ။
  • အဓမ္မပြုကျင်ခံရခြင်း၊ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ကွန်ဒုံးပေါက်ပြဲသွားခြင်း၊ ဆေးထိုး ဆေးသောက်ရန် နောက်ကျသွားခြင်းစတဲ့ အခြေအနေတွေမှာ အရေးပေါ်အနေနဲ့ အသုံးပြုရန်သာဖြစ်ပါတယ်။ပုံမှန်သားဆက်ခြားနည်းလမ်းအဖြစ် ရေရှည်သုံးရန် မသင့်တော်ပါ။

သားသမီးရနိုင်တဲ့ ရက်ကို တွက်ချက်ပြီး ရက်ရှောင်တဲ့ နည်းလမ်း(Fertility Awareness Methods)

  • အမျိုးသမီးတွေ တစ်လအတွင်း သားသမီးရရှိနိုင်တဲ့ ရက်ကို တွက်ချက်ပြီး ရက်ရှောင်တဲ့ နည်းဖြစ်ပါတယ်။
  • အဲ့ဒီရက်တွေမှာ မိန်းမနဲ့ ယောက်ျား လိင်ဆက်ဆံခြင်းကို ရှောင်ခြင်းဖြစ်စေ၊ ကွန်ဒုံးသုံးပြီးဖြစ်စေ သားဆက်ခြားနိုင်ပါတယ်။
  • အဲ့ဒီနည်းလမ်းကို မှန်ကန်စွာသုံးပါက ထိရောက်ပါတယ်။
  • မိမိရဲ့ ခင်ပွန်း၊ အဖော်ရဲ့ ပူးပေါင်းဆောင်ရွက်မှုရှိရန် လိုအပ်ပါတယ်။
  • ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးမရှိပါ။

ပရိုဂျက်စတင်သာပါတဲ့ နေ့စဉ်သားဆက်ခြားဆေးကဒ်(Progestin-Only Oral Contraceptive Pills)

  • ဟော်မုန်းတစ်မျိုးသာပါဝင်ပြီး တစ်နေ့တစ်လုံး နေ့စဉ်သောက်သုံးရတဲ့ သားဆက်ခြားဆေးကဒ်ဖြစ်ပါတယ်။
  • အချိန်တိကျစွာသောက်ရန် အလွန်အရေးကြီးပါတယ်။
  • ကလေးနို့တိုက်မိခင်တွေအတွက် သင့်တော်တဲ့ သောက်ဆေးကဒ်ဖြစ်ပြီး ဆေးရပ်လိုက်ရင်လည်း ချက်ချင်း ကလေးပြန်ရနိုင်ပါတယ်။
  • နို့တိုက်မိခင်မဟုတ်ပါက သွေးတစ်စက် တစ်စက် ဆင်းခြင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အန္တရာယ်မရှိပါ။

နေ့စဉ်သောက် သားဆက်ခြားဆေးကဒ်(Combined Oral Contraceptive Pills)

  • ဟော်မုန်း (၂) မျိုးပါဝင်ပြီး တစ်နေ့တစ်လုံး နေ့စဉ်သောက်သုံးရတဲ့ သားဆက်ခြား ဆေးကဒ်ဖြစ်ပါတယ်။
  • ထိရောက်မှုရှိပြီး ဆေးရပ်လိုက်ရင်လည်း ချက်ချင်း ကလေးပြန်ရနိုင်ပါတယ်။
  • အသက်အရွယ်မရွေး၊ ကလေးရှိရှိ၊ မရှိရှိ သုံးစွဲနိုင်ပါတယ်။
  • နို့တိုက်မိခင်တွေမှာတော့ ကလေးအသက် (၆) မတိုင်ခင်မှာ မသောက်သုံးသင့်သေးပါဘူး။
  • အမျိုးသမီးအများစုအတွက် အန္တရာယ်ကင်းပြီး ပြင်းထန်တဲ့ ဆိုးကျိုးအလွန်ရှားပါတယ်။
  • ရာသီလာရင် ဖြစ်တတ်တဲ့ ဗိုက်အောင့်ဗိုက်နာ၊ ရာသီသွေးများတာနဲ့ သွေးအားနည်းတာတွကနေ ကာကွယ်ပေးနိုင်ပါတယ်။
  • အစပိုင်းမှာ ရံဖန်ရံခါ သွေးတစ်စက် တစ်စက်ဆင်းတာ၊ ရာသီသွေးမမှန်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အန္တရာယ်မရှိပါ။ တဖြည်းဖြည်းသွေးဆင်းနှုန်း နည်းပါးပြီး လအနည်းငယ်ကြာရင် မှန်လာနိုင်ပါတယ်။

သားဆက်ခြားထိုးဆေး(Injectable Contraceptives)

  • ဟော်မုန်းပါတဲ့ သားဆက်ခြား ထိုးဆေးဖြစ်ပါတယ်။ အသားဆေးနဲ့ အရေးပြားအောက် ထိုးဆေးဆိုပြီး (၂) မျိုးရှိပါတယ်။
  • (၃) လ သို့မဟုတ် (၁၃) ပတ် တစ်ကြိမ် မှန်မှန်ထိုးရပါတယ်။
  • ထိရောက်ပြီး အန္တရာယ်ကင်းပါတယ်။
  • အသက်အရွယ်မရွေး၊ ကလေး ရှိရှိ၊ မရှိရှိ သုံးစွဲနိုင်ပါတယ်။
  • နို့တိုက်မိခင်တွေမှာ ကလေးမွေးဖွားပြီး (၆) ပတ် နောက်ပိုင်း ဆေးထိုးနိုင်ပါတယ်။
  • သွေးတစ်စက် တစ်စက်ဆင်းတာ၊ ရာသီပေါ်ချိန်မမှန်တာ၊ ဓမ္မတာထိန်တာ၊ ကိုယ်အလေးချိန်အပြောင်းအလဲဖြစ်တာ၊ ခေါင်းအနည်းငယ်ကိုက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အန္တရာယ်မရှိပါ။

လက်မောင်းအရေပြားအောက်ထည့်သားဆက်ခြားပစ္စည်း(Contraceptive Implants)

  • အမျိုးသမီးရဲ့ လက်မောင်းအရေပြားအောက်မှာ ထည့်သွင်းရတဲ့ ဟော်မုန်းပါ ခေတ်မီသားဆက်ခြားပစ္စည်းဖြစ်ပြီး မီးခြစ်ဆံအရွယ် သေငယ်ပျော့ပျောင်းတဲ့ ပလတ်စတစ်ပိုက်ပျော့လေး (၁) ချောင်း သို့မဟုတ် (၂) ချောင်း ဖြစ်ပါတယ်။
  • ပစ္စည်းအမျိုးအစားလိုက် (၃) နှစ်ကနေ (၅) နှစ်အထိ သားဆက်ခြားပေးနိုင်ပါတယ်။
  • အသက်အရွယ်မရွေး၊ ကလေး ရှိရှိ၊ မရှိရှိ သုံးစွဲနိုင်ပါတယ်။
  • နို့တိုက်မိခင်တွေလည်း အန္တရာယ်ကင်းစွာ သုံးနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။
  • ကျွမ်းကျင်တဲ့ ဆရာဝန်ထံမှာ ထည့်သွင်းနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်လိုပါက ဆရာဝန်ထံမှာ အချိန်မရွေး ပြန်လည်ထုတ်နိုင်ပြီး မကြာခင် ကိုယ်ဝန်ရနိုင်ပါတယ်။
  • မိန်းမကိုယ်မှာ မကြာခဏ သွေးအနည်းငယ် ဆင်းနိုင်ပါတယ်။ ဒါပေမဲ့ အန္တရာယ်မရှိပါ။

သားအိမ်တွင်းထည့်ပစ္စည်း (IUD)

  • သားအိမ်ထဲမှာ ထည့်သွင်းရတဲ့ ခေတ်မီသားဆက်ခြား ပစ္စည်းဖြစ်ပါတယ်။ သေးငယ်ပျော့ပျောင်းပြီး ကြေးနီ ပါဝင်ပါတယ်။
  • ပစ္စည်းအမျိုးအစားအလိုက် (၅) နှစ်ကနေ (၁၀) နှစ်အထိ သားဆက်ခြားပေးနိုင်ပါတယ်။
  • အသက်အရွယ်မရွေး၊ ကလေး ရှိရှိ၊ မရှိရှိ သုံးစွဲနိုင်ပါတယ်။
  • ကလေးမွေးပြီးပြီးချင်း သားအိမ်ထဲထည့်နိုင်ပါတယ်။
  • ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းဆီမှာ ထည့်သွင်းနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်လိုပါက ကျန်းမာရေးဝန်ထမ်းဆီမှာ အချိန်မရွေး ပြန်လည်ထုတ်နိုင်ပြီး မကြာခင် ကိုယ်ဝန်ပြန်ရနိုင်ပါတယ်။
  • ဟော်မုန်းမပါလို့ ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ ဝလာခြင်းတွေ မဖြစ်ပါ။
  • ဗိုက်ထဲဝင်သွားတာ၊ ကင်ဆာဖြစ်တာ၊ အနာဖြစ်တာတွေ လုံးဝမဖြစ်နိုင်ပါဘူး။
  • လိင်ဆက်ဆံရာမှာလည်း အနှောင့်အယှက် မဖြစ်စေပါ။
  • စထည့်ကာစ လတွေမှာ ရာသီသွေး များပြားနိုင်ပါတယ်။ ဒါပေမယ့် အန္တရာယ်မရှိပါ။

မိခင်နို့တစ်မျိုးတည်းတိုက်ပြီး ယာယီ ရာသီထိန်စေခြင်းနဲ့ သားဆက်ခြားခြင်း(Lactational Amenorrhea Method)

  • ကလေးမွေးဖွားပြီးနောက် မိခင်နို့တစ်မျိုးတည်း (သို့မဟုတ်) တစ်မျိုးတည်းနီးပါးတိုက်ပြီး ရာသီသွေးကို ယာယီထိန်စေခြင်းနဲ့ သားဆက်ခြားခြင်းဖြစ်ပါတယ်။
  • မိခင်နို့ တစ်မျိုးတည်းသာ နေ့ရော၊ ညပါ တိုက်ကျွေးခြင်းနဲ့ လစဉ်ရာသီ မပေါ်ဘဲ ကလေးမွေးဖွားပြီးနောက် (၆) လကြာ သားဆက်ခြားနိုင်ပါတယ်။
  • (၆) လ ကျော်ရင် အမျိုးသမီးက အခြားသားဆက်ခြား နည်းလမ်းတွေထဲက တစ်ခုခုကို ရွေးချယ် သင့်ပါတယ်။

အမျိုးသမီး သားကြောဖြတ်ခြင်း(Female Sterilization)

  • ဆေးရုံမှာ ထုံဆေးနဲ့ အမျိုးသမီး သားဥပြွန်နှစ်ခုကို ဖြတ်တဲ့ ရိုးရှင်းတဲ့ ခွဲစိတ်ကုသမှုဖြစ်ပါတယ်။
  • ရာသက်ပန် သားဆက်ခြားနည်းလမ်းဖြစ်တဲ့အတွက် ကလေးထပ်မံ မယူလိုတော့ကြောင်းကို သေချာစွာ စဉ်းစားဆုံးဖြတ်ပြီးမှသာ ဆောင်ရွက်သင့်ပါတယ်။
  • အလွန်ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။
  • သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီပြီး သားကြောဖြတ်ဘုတ်အဖွဲ့ရဲ့ ခွင့်ပြုချက်ရရှိပါက သက်ဆိုင်ရာ ဆေးရုံမှာ အမျိုးသမီးသားကြောဖြတ်ခြင်းကို ဆောင်ရွက်နိုင်ပါတယ်။
  • ရေရှည် ဘေးထွက်ဆိုးကျိုးမရှိသလို၊ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်နဲ့ ခံစားမှုကိုလည်း အနှောင့်အယှက်မပေးပါ။

Source- ကမ္ဘာ့ကျန်းမာရေးအဖွဲ့
Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top