ကလေးယူမယ်ဆိုရင် (၆) နှစ်လောက် အိပ်ရေးပျက်ခံဖို့ ပြင်ဆင်ထားပါ

fa1-e1552362427141.jpg

စိုပြေတဲ့ မိသားစုဘဝ ဖန်တီးဖို့ဆိုရင် အိမ်ရဲ့ဆည်းလည်းသံလို့ တင်စားကြတဲ့ သားသား၊ မီးမီးလေးတွေရှိဖို့ လိုပါတယ်။ သားသား၊ မီးမီးတွေရဲ့ တီတီတာတာ စကားသံလေးတွေက ဖေဖေ၊ မေမေတို့ရဲ့ ဘဝအမောတွေကို ပြေပျောက်စေနိုင်ပါတယ်။ ဒါပေမဲ့ မိဘဖြစ်လာပြီဆိုရင် ပေးဆပ်စရာတွေက ဒုနဲ့ဒေးပါပဲ။ ကိုယ်ပိုင်အချိန်ဆိုတာ မရှိသလောက်နည်းသွားပြီး အိပ်ချိန်ထဲကတောင် ဖဲ့ပေးရပါသေးတယ်။

တချို့ကတော့ ကလေးယူပြီး တစ်နှစ်လောက်ကြာရင် ပင်ပန်းတာတွေ၊ အိပ်ရေးပျက်တာတွေ သက်သာသွားမယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ Sleep ဂျာနယ်မှာ ဖော်ပြထားတဲ့ သုတေသနအရဆိုရင်တော့ ကလေးတွေ မူလတန်းမတက်မချင်း ဖေဖေ၊ မေမေတွေ အိပ်ရေးဝဖို့ မရှိဘူးလို့ ဆိုပါတယ်။ ဒါဟာ ကလေးယူပြီးရင် ၆ နှစ်လောက် အိပ်ရေးပျက်မယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ကလေးယူပြီးသွားရင် မေမေတွေက ပိုပြီး အိပ်ရေးပျက်ကြပါသတဲ့။ ကလေးယူပြီး ပထမဆုံး တစ်နှစ်အတွင်း ဖေဖေတွေထက် မေမေတွေက (၃) ဆပိုပြီး အိပ်ရေးပျက်ကြတယ်လို့ ဆိုပါတယ်။

နို့တိုက်တာကအစ အနှီးလဲပေးတာအဆုံး မေမေတွေပဲ လုပ်ပေးရလေ့ရှိလို့ သူတို့က အိပ်ရေးပိုပျက်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဝါဝစ်တက္ကသိုလ်က သုတေသီတွေဟာ ကလေးယူပြီးရင် ဖေဖေ၊ မေမေတွေ ဘယ်လောက်အထိ အိပ်ရေးပျက်လဲဆိုတာ သုတေသနလုပ်ဖို့အတွက် ကလေး (၃) ယောက်ယူထားတဲ့ အမျိုးသမီး (၂၅၀၀)၊ အမျိုးသား (၂၂၀၀) နီးပါးကို တစ်နှစ်တစ်ကြိမ် အင်တာဗျူးလုပ်ခဲ့ပါတယ်။ အင်တာဗျူးလုပ်တိုင်း ကောင်းကောင်းအိပ်ရလား၊ အိပ်ချိန်ဘယ်လောက်ရှိလဲဆိုတဲ့ အချက်တွေကို မေးမြန်းပြီး စာရင်းပြုစုခဲ့ကြပါတယ်။

ကလေးမွေးပြီး ပထမဆုံး (၃) လမှာ မေမေတွေရဲ့ ပျမ်းမျှအိပ်ချိန်ဟာ ကိုယ်ဝန်ဆောင်ချိန်ကာလကထက် တစ်နာရီလောက်နည်းသွားတတ်ပြီး ဖေဖေတွေရဲ့အိပ်ချိန်လည်း (၁၅) မိနစ်လောက် နည်းသွားပါတယ်။ အိပ်ရေးပျက်တာချင်းတူပေမဲ့ သားဦးမွေးတဲ့ မေမေတွေက အိပ်ရေးပျက်တဲ့ဒဏ် ပိုခံရပါတယ်။ (ဒါကြောင့်လည်း ကိုယ်တိုင်မိဘဖြစ်မှ မိဘမေတ္တာ ပိုနားလည်လာကြတာပါ)။ ကလေးငယ်တွေ (၄) နှစ်ကနေ (၆) နှစ်အရွယ်ရောက်တဲ့အထိ ဖေဖေ၊ မေမေတွေ အိပ်ရေးပျက်ကြဆဲပါပဲ။

အစောပိုင်းနှစ်တွေလောက် မဆိုးတော့ဘဲ ကလေးမယူခင် အချိန်နဲ့ နှိုင်းယှဉ်ရင် မေမေတွေက မိနစ် (၂၀)၊ ဖေဖေတွေက (၁၅) မိနစ်လောက် အိပ်ချိန်နည်းသွားတယ်လို့ သုတေသနမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ရိုးရာလေး စာဖတ်ပရိသတ်တွေလည်း စိုပြေတဲ့ မိသားစုဘဝ ဖန်တီးဖို့ သားသား၊ မီးမီးတွေ ယူတော့မယ်ဆိုရင် အိပ်ရေးပျက်တဲ့ဒဏ်ခံနိုင်အောင် ကြိုတင်ပြင်ဆင်ထားကြဖို့ စကားလက်ဆောင်ပါးပါရစေ။

Ref: Smartparenting.com
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top