အဓမ္မကျင့်သူတွေ၊ သက်ငယ်မုဒိန်းသမားတွေကို ဓာတုနည်းနဲ့ သင်းကွပ်စေချင်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် ဆို

17-9-2020-yyl-004.jpg

ပါကစ္စတန် တစ်နိုင်ငံလုံး အာရုံစိုက်စရာဖြစ်စေခဲ့တဲ့ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပြီးနောက်မှာ အဓမ္မကျင့်သူတွေ၊ သက်ငယ်မုဒိန်းမှုကျူးလွန်သူတွေကို ဓာတုနည်း အသုံးပြုပြီး သင်းကွပ်စေလိုတယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အိုင်မရန်ခန်းက တိုက်တွန်းခဲ့ပါတယ်။ 92 News ရုပ်သံလိုင်းနဲ့ အင်တာဗျူးအစီအစဉ်မှာ အိုင်မရန်ခန်းက အဓမ္မမှုကျူးလွန်သူတွေကို အပြစ်ပေးနိုင်မယ့် နည်းလမ်းတွေနဲ့ပတ်သက်ပြီး သူ့ရဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

” အဓမ္မပြုကျင့်သူကို လူမြင်ကွင်းမှာ ကြိုးပေးသင့်တယ်လို့ ကျွန်တော် ထင်တယ်။ အဓမ္မကျင့်သူတွေ၊ သက်ငယ်မုဒိန်းမှုကျူးလွန်သူတွေကို လူမြင်ကွင်းမှာ ကြိုးပေးသင့်တယ်။ တိုင်ချက်ဖွင့်တာ နည်းနေတဲ့အတွက် တကယ့်အချက်အလက်မှန်ကို မသိနိုင်ဘူး။ လူတွေကို ကြောက်လို့ပဲ ဖြစ်ဖြစ်၊ ရှက်လို့ပဲဖြစ်ဖြစ် တိုင်ချက်မဖွင့်ကြဘူး။ အမျိုးသမီးတွေကလည်း ရှက်ကြတယ်။ အဲဒီလိုကိစ္စမျိုးကို ဘယ်သူကမှ ထုတ်မပြောချင်ကြဘူး”လို့ အိုင်မရန်ခန်းက ပြောပါတယ်။ ဒါပေမဲ့ လူမြင်ကွင်းမှာ ကြိုးပေးမှုကို နိုင်ငံတကာက လက်ခံမှာမဟုတ်သလို ပါကစ္စတန်နိုင်ငံနဲ့ ဥရောပသမဂ္ဂကြား ကုန်သွယ်ရေးဆက်သွယ်မှုကို ထိခိုက်စေနိုင်တယ်လို့ သူက ဆိုပါတယ်။ အဲဒါကြောင့် အဓမ္မကျင့်သူတွေနဲ့ သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေအနေနဲ့ အနာဂတ်မှာ အလားတူလုပ်ရပ်တွေ မကျူးလွန်နိုင်စေဖို့ ဓာတုနည်း အသုံးပြုပြီး သင်းကွပ်တာ၊ ခွဲစိတ်မှုလုပ်ပြီး သင်းကွပ်တာတွေလုပ်ဖို့ စဉ်းစားနေတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့က လာဟိုရီမြို့မှာ အမျိုးသား ၂ ယောက်ကို သူ့ကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ အမျိုးသမီးတစ်ယောက်က တိုင်ကြားခဲ့ပါတယ်။ အဲဒီအမျိုးသမီးဟာ ကားဆီကုန်ပြီး ကားရပ်သွားလို့ အကူအညီပေးရေး ဖုန်းနံပါတ်ကို ဖုန်းဆက်ပြီး ရဲအရာရှိတွေ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေတုန်း အမျိုးသား ၂ ယောက်က သူ့ကို အဓမ္မပြုကျင့်ပြီး လုယက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က အမျိုးသား ၃ ယောက်ကို ဖမ်းဆီးထားပါတယ်။ သူတို့အဖွဲ့ကို အဓိကကြိုးကိုင်ခဲ့တယ်လို့ သတ်မှတ်ထားသူကတော့ လွတ်မြောက်နေဆဲပါပဲ။ ဒီဖြစ်ရပ်ကို လာဟိုရီရဲစခန်းက စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

Ref: CNN ” Pakistan’s Prime Minister Imran Khan calls for chemical castration of those convicted of rape”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top