အင်ဒိုနီးရှားမှာ Mask မတပ်သူတွေကို ကိုဗစ်-၁၉ လူသေတွေ မြှုပ်ဖို့ တွင်းတူးပေးရတဲ့ပြစ်ဒဏ် ပေးအပ်

17-9-2020-yyl-005.jpg

အခုထိ Mask ဝတ်ဖို့ ငြင်းဆန်နေတဲ့သူတွေ ရှိနေတုန်းပါပဲ။ Mask မတပ်တာ သူတို့မှားတယ်ဆိုတာကို သက်သေပြဖို့ လုပ်နိုင်တဲ့အရာတွေ မရှိတော့သလို ဖြစ်နေပါပြီ။ အဲဒီလိုလူမျိုးတွေရဲ့စိတ်ကို ပြောင်းလဲအောင်မလုပ်နိုင်ရင်တောင် အစိုးရအာဏာပိုင်တွေက သူတို့ကို စည်းကမ်းချိုးဖောက်တဲ့အတွက် တစ်နည်းနည်းနဲ့တော့ အပြစ်ပေးနေကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းရဲ့အစိုးရအာဏာပိုင်တွေကတော့ အဲဒီလိုလူတွေအတွက် ထိရောက်တဲ့အပြစ်ပေးနည်းကို ရှာတွေ့ထားပါတယ်။ မကြာသေးခင်ကမှ Mask မတပ်တဲ့သူ (၈) ဦးကို အာဏာပိုင်တွေက ပြစ်ဒဏ်အနေနဲ့ COVID-19 ကြောင့် သေဆုံးရသူတွေကို မြှပ်ရမယ့် တွင်းကို တူးခိုင်းခဲ့ပါတယ်။
အခုလို အပြစ်ပေးနည်းကို စဉ်စားမိခဲ့သူက ဆာမီခရိုင်အကြီးအကဲ စုရိုနိုဆိုသူဖြစ်ပါတယ်။

“တွင်းတူးဖို့အတွက် လူလုံလုံလောက်လောက်မရှိခဲ့ပါဘူး။ (၃) ယောက်ပဲ ရှိတာပါ။ ဒါကြောင့် Mask မတပ်တဲ့သူတွေကို ပြစ်ဒဏ်အနေနဲ့ အဲဒီအလုပ်ကို လုပ်ခိုင်းရမယ်လို့ တွေးဖြစ်ခဲ့တာပါ။ ဒီနည်းက စည်းမျဉ်းချိုးဖောက်မှုအတွက် ထိရောက်တဲ့အပြစ်ပေးနည်းဖြစ်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။ Mask တပ်ဖို့ ငြင်းဆန်နေတဲ့ (၈) ဦးကို တွင်းတူးဖို့ အဖွဲ့ (၂) ဖွဲ့ သတ်မှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကို ရုပ်အလောင်း မြေချတဲ့လုပ်ငန်းစဉ်မှာ မဖြစ်မနေပါဝင်လုပ်ဆောင်ဖို့တော့ သတ်မှတ်မထားပါဘူး။ Mask မတပ်လို့ အပြစ်ပေးခံရတဲ့သူတွေကတော့ COVID-19 ကြောင့် သေဆုံးရတဲ့သူတွေအတွက် တွင်းတူးပေးရတဲ့အပြစ်ဒဏ်ကို ကျေကျေနပ်နပ် ခံယူခဲ့ကြတဲ့ပုံပါပဲ။

အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူအရေအတွက်က တိုးလာနေတုန်းပါပဲ။ လက်ရှိအချိန်ထိ ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း (၂၂၈၉၉၃) ဦး ရှိနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံက စက်တင်ဘာ၁၄ ရက်နေ့ကစတင်ပြီး ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်းတွေ ချမှတ်ထားပါတယ်။ အစားအစာ၊ တည်ဆောက်ရေး၊ ဘဏ်စနစ်အပါအဝင် မရှိမဖြစ်အရေးကြီးတဲ့ကဏ္ဍ (၁၁) ခုကိုပဲ ကျန်းမာရေးအဖွဲ့အစည်းတွေ၊ ဝန်ထမ်း (၅၀) ရာခိုင်နှုန်းနဲ့ လည်ပတ်ခွင့်ပြုထားပါတယ်။ စာသင်ကျောင်း၊ ပန်းခြံအပါအဝင် လူစုလူဝေးဖြစ်စေနိုင်တဲ့နေရာတွေကို လုံးဝပိတ်သိမ်းထားပါတယ်။ စားသောက်ဆိုင်နဲ့ ကော်ဖီဆိုင်တွေကို ပါဆယ်စနစ်နဲ့ Delivery ဝန်ဆောင်မှုတို့နဲ့ ဖွင့်ခွင့်ပြုထားပါတယ်။

Ref: Boredpanda “Local Authorities Order Anti-Maskers To Dig Graves For COVID-19 Victims In Java, Indonesia”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top