သူစိမ်းစုံတွဲအတွက် တန်ဖိုးကြီးစေ့စပ်လက်စွပ်ကို တိတ်တဆိတ် ဝယ်ပေးခဲ့ဖူးတဲ့ ပေါလ်ဝေါ်လ်ကာ

ring.jpg

၂၀၀၄ ခုနှစ်မှာ မင်းသား ပေါလ်ဝေါ်လ်ကာ(Paul Walker) က ဆန်တာဘာဘရာ (Santa Barbara) က ရတနာဆိုင်မှာ လျှောက်ကြည့်နေတုန်း လူငယ်စုံတွဲတစ်တွဲကို သတိထားမိသွားတယ်။ အဲဒီလူငယ်က အီရတ်စစ်မြေပြင်ကနေ ပြန်လာတဲ့ အမေရိကန် စစ်မှုထမ်းဟောင်းတစ်ယောက်ပါ။ သူ့ရဲ့ စေ့စပ်ထားသူ အမျိုးသမီးလေးနဲ့အတူ စေ့စပ်လက်စွပ် လာကြည့်နေကြတာ။

သူတို့နှစ်ယောက်ဟာ အရမ်းလှတဲ့ ဒေါ်လာ ၁ သောင်းတန် စိန်လက်စွပ်ကြီးတစ်ကွင်းကို သဘောကျသွားကြတယ်။ ဒါပေမဲ့ ဈေးနှုန်းကို ကြည့်လိုက်တဲ့အခါ သူတို့ မတတ်နိုင်တဲ့ ပမာဏဖြစ်နေလို့ စိတ်မကောင်းစွာနဲ့ပဲ ဘာမှမဝယ်နိုင်ဘဲ ဆိုင်ထဲကနေ ပြန်ထွက်သွားကြပါတယ်။

ဒီဖြစ်ရပ်ကို သိလိုက်ရတဲ့ ပေါလ်ဝေါ်လ်ကာက ဆိုင်မန်နေဂျာဆီ သွားပြီး “အဲဒီလက်စွပ်ကို ကျွန်တော့်ရဲ့ အကောင့်ထဲမှာပဲ ဖြတ်လိုက်ပါ၊ စောနက စုံတွဲအတွက် ကျွန်တော် ဝယ်ပေးလိုက်မယ်” ဆိုပြီး ပြောခဲ့တယ်။ ပြီးတော့ သူဝယ်ပေးတာဖြစ်ကြောင်းကို ဘယ်သူ့ကိုမှ မပြောဖို့နဲ့ အမည်မဖော်ဘဲ လျှို့ဝှက်ထားပေးဖို့ အသေအချာ မှာသွားခဲ့ပါတယ်။

ဆိုင်ကနေ အဲဒီစုံတွဲကို ဖုန်းဆက်ပြီး “အမည်မဖော်လိုတဲ့ အလှူရှင်တစ်ဦးက လက်စွပ်ကို ဝယ်ပေးလိုက်ပါပြီ” လို့ ပြောလိုက်တဲ့အခါ သူတို့ခမျာ ဝမ်းသာလွန်းလို့ ဆွံ့အသွားကြတဲ့အထိပါပဲ။ ဒါပေမဲ့ ဒီလို မေတ္တာစေတနာရှင်ဟာ ဘယ်သူဘယ်ဝါဆိုတာကိုတော့ သူတို့ လုံးဝ မသိခဲ့ကြဘူး။

ဒီလျှို့ဝှက်ချက်ဟာ ဆိုင်ဝန်ထမ်းတွေကြားမှာ ၁၀ နှစ်နီးပါး ကြာအောင် တည်ရှိနေခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ပေါလ်ဝေါ်လ်ကာ ကွယ်လွန်သွားတဲ့အခါမှသာ ဆိုင်ဝန်ထမ်းဟောင်း တစ်ယောက်ဖြစ်တဲ့ အိုင်ရင်းကင်းက ပေါလ်ဝေါ်လ်ကာရဲ့ မြင့်မြတ်တဲ့စိတ်ထားကို ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်ဖော်ပြောပြခဲ့တာ ဖြစ်ပါတယ်။ ပေါလ်ဟာ ဒီလုပ်ရပ်အတွက် ဘယ်လို ဂုဏ်ပုဒ်ကိုမှ မလိုချင်ခဲ့သူပါ။

အဲဒီစုံတွဲအတွက်တော့ သူတို့လက်မှာ ဝတ်ထားတဲ့ လက်စွပ်လေးဟာ ရိုးရိုးလက်စွပ်တစ်ကွင်း မဟုတ်ဘဲ သူစိမ်းတစ်ယောက်ရဲ့ တိတ်ဆိတ်တဲ့ စေတနာကြောင့် ရလာတဲ့၊ တန်ဖိုးဖြတ်မရတဲ့ အမှတ်တရ လက်ဆောင်ကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။

Ref: Paul Walker and diamond ring

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top