Pfizer ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုဖို့ အမေရိကန် FDA ရဲ့ အကြံပေးအဖွဲ့ ထောက်ခံ

11-12-2020-yyl-005.jpg

Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေးက ဘေးကင်းပြီး အာနိသင်ထက်မြက်တယ်လို့ အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA)ရဲ့ အကြံပေးအဖြစ် ဆောင်ရွက်နေတဲ့ ကျန်းမာရေးပညာရှင်အဖွဲ့က ထောက်ခံခဲ့ပါတယ်။

Pfizer ကာကွယ်ဆေးကို အသက် ၁၆ နှစ်အထက် အရွယ်ရှိသူတွေမှာ အရေးပေါ်အခြေအနေအတွက် ထိုးနှံပေးသင့်၊ မပေးသင့် ဆုံးဖြတ်ဖို့ အဖွဲ့ဝင် ၂၃ ယောက် ပါဝင်တဲ့ ကျန်းမာရေးပညာရှင်အဖွဲ့ တွေ့ဆုံပြီး မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၇ မဲ၊ ကန့်ကွက်မဲ ၄ မဲ၊ ကြားနေမဲ ၁ မဲဆိုတဲ့ ရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် အခုလို ဆုံးဖြတ်ခဲ့တာပါ။

အမေရိကန် FDA ဟာ ကြုံတောင့်ကြုံခဲဖြစ်ရပ် တစ်ခုတလေကလွဲပြီး အကြံပေးအဖွဲ့ရဲ့ အကြံပြုချက်ကို လက်ခံကျင့်သုံးလေ့ရှိပါတယ်။ အဲဒီအတွက် လာမယ့်ရက်ပိုင်းအတွင်း Pfizer ကာကွယ်ဆေးကို အသုံးပြုခွင့်ပေးဖွယ်ရှိပြီး သူနာပြုတွေ၊ စောင့်ရှောက်ရေးဂေဟာဝန်ထမ်းတွေကို ဦးစားပေးထိုးနှံပေးဖို့ ရှိနေပါတယ်။

Pfizer ကာကွယ်ဆေးကို အသုံးပြုဖို့ ဗြိတိန်၊ ကနေဒါ၊ ဘာရိန်း၊ ဆော်ဒီနိုင်ငံတွေမှာ ခွင့်ပြုချက်ပေးထားပြီးပါပြီ။ အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး ကမ္ဘာပေါ်မှာ တစ်ရက်တာ လူသေဆုံးမှုစံချိန်သစ် တင်ခဲ့ပြီးနောက်မှာ အမေရိကန် FDA ရဲ့ အကြံပေးအဖွဲ့က Pfizer ကာကွယ်ဆေးကို ထောက်ခံချက်ပေးခဲ့တာပါ။
Pfizer ကုမ္ပဏီက ဒီဇင်ဘာလနှောင်းပိုင်းမှာ အမေရိကန်နိုင်ငံအတွက် ပထမအသုတ်အဖြစ် ကာကွယ်ဆေး အဖုံရေ ၆.၄ သန်း ပံ့ပိုးပေးဖို့ စီစဉ်နေပါတယ်။

Ref: NYTimes & BBC
Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top