အိမ်မှာ အရသာရှိတဲ့ဟင်းလျာတွေကို ကိုယ်တိုင်လုပ်စားကြရအောင်

feaimg02.jpg

စာဖတ်ပရိသတ်တွေကို အိမ်မှာ ကိုယ်တိုင်စိတ်ကြိုက်လုပ်စားလို့ရမယ့် ဟင်းချက်နည်းလေးတွေကို တင်ဆက်ပေးပါရစေနော်။ ဝက်အူချောင်းထဲမှာမှ ကယားဝက်အူချောင်းကို စားချင်ပါတယ်ဆိုတဲ့သူတွေအတွက် ကယားဝက်အူချောင်းလုပ်နည်းလေးရယ်၊ အရသာရှိရှိစားလို့ရမဲ့ ဝက်နံရိုးဟင်းရည်ရယ်၊ စားသောက်ဆိုင်မှာ ဝယ်မစားပဲ ကိုယ်တိုင်ချက်စားလို့ အဆင်ပြေစေမယ့် ငါးခေါင်းချဉ်ရည်ချက်နည်းတွေပါပဲ။ အဲဒီဟင်းလျာတွေကို ဘယ်လိုလုပ်စားရမယ်၊ ဘယ်လိုချက်ရမယ်ဆိုတာကို ပြောပြပေးမှာဖြစ်တဲ့အတွက် ဒီဆောင်းပါးလေးမှာ ဆက်လက်ဖတ်ရှုကြည့်ကြပါနော်..။

ကယားဝက်အူချောင်း

ကယားဝက်အူချောင်း လုပ်စားမယ်ဆိုရင် ပါဝင်ပစ္စည်းတွေကတော့

  1. ဝက်သားအဆီပါ (၅၀) သား
  2. ဝက်အူနု (၄) ပေလောက်
  3. ငရုပ်ကြမ်းမှုန့် (အနည်းငယ်)
  4. ဂျင်းလက်နှစ်သစ်
  5. ကြက်သွန်ဖြူ (၃) လုံး
  6. ကယားဝက်အူချောင်းမှာ မက်ခါအမှုန့်ထည့်ပါတယ်။
  7. ပဲငံပြာရည်အကျဲ
  8. ဆား
  9. အချိုမှုန့် တို့ဖြစ်ပါတယ်။

ကယားဝက်အူချောင်းလုပ်နည်း

ဝက်သားကို အခေါက်ဖယ်ပြီး အသားကြိတ်စက်ရှိရင် အသားကြိတ်စက်နဲ့ ကြိတ်ပါ။ မရှိရင်တော့ အသားကို ညက်အောင် တောက်တောက်စဉ်းပေးပါ။ အသားညက်သွားရင် ပါဝင်ပစ္စည်းတွေကို ထောင်းပြီး နယ်ပါ။ နယ်ပြီးရင် (၁) နာရီလောက် နှပ်ထားလိုက်ပါ။ အဲဒါပြီးရင် အစာသွပ်တော့မှာဖြစ်ပါတယ်။ အစားသွပ်ဖို့အတွက် ဝက်အူကို ပြောင်းပြန်လှန်ပြီး ဆား၊ မကျည်းမှည့်တို့နဲ့ ဆေးပြီး ရေစစ်ထားလိုက်ပါ။ ကြိတ်ထားတဲ့ ဝက်သားတွေကို လက်ကလေးနဲ့ လုံးပြီး (၅) လုံးလောက် ကြော်ကြည့်ပါ။ အရသာကိုမြည်းကြည့်ပြီး ဆား၊အလေးပေါ့အဆင်ပြေရင် အစားသွပ်လို့ရပါပြီ။ ဝက်အူကို ဆီစွတ်ပြီး အပေါ်ကနေအသားတွေကို လက်ညိုးနဲ့ထိုးသွင်းရမှာဖြစ်ပါတယ်။ အစားသွပ်လိုက် အောက်ဆွဲချလိုက်လုပ်ပါ။ အစာကုန်သွားရင် အူအဖျားနေရာကို နှီးနဲ့ ချည်လိုက်ပါ။

အစားသွတ်ပြီး အူချောင်းကိုအူတဝက်မြုပ်အောင် ရေထည့်ပြီး မီးအေးအေးလေးနဲ့ပြုတ်ပါ။ ပြီးရင် ဟိုဖက်ဒီဖက်လှန်ပြီး ရေခန်းရင်ချလိုက်လို့ရပါတယ်။ ပြုတ်ပြီးသား ဝက်အူချောင်းကို လိုသလောက်လှီးပြီး ကြော်စားရုံပါပဲ။ ဝက်အူချောင်းက (၃) ရက်လောက်တော့ ခံပါတယ်။

ဝက်နံရိုးချဉ်စပ်ဟင်းရည်

အရင်ဆုံး အိုးထဲကို ရေထည့်ပြီး ဆားအနည်းငယ်နဲ့သကြားအနည်းငယ်ထည့်ပြီး ဆူအောင်တည်ထားပါ။ ရေဆူလာပြီဆိုရင် ဝက်နံရိုး (၃၀) ကျပ်သားကိုထည့်ပါ။ ဝက်နံရိုးကိုအသားနူးအောင်ပြုတ်ရင်း အဆီတွေတက်လာရင် ခပ်ထုတ်ပစ်လိုက်ပါ။

စပါးလင်ကို ခပ်ပါးပါးလေးလှီးပြီး ဟင်းရည်အိုးထဲထည့်ပါ။ ဟင်းရည်အနံ့အရမ်းမွှေးအောင် ရှောက်ရွက်နုနုလေးရှိရင်လည်းထည့်ပါ။ ပြီးရင် စိမ်းစားငါးပိလက်သုံးလုံးစာလောက် မီးဖုတ်ပြီး

ကြက်သွန်ဖြူနဲ့ငရုပ်သီးစိမ်း (၁၀) တောင့်တို့နဲ့ ညှက်အောင် ရောထောင်းပါ။ ပြီးရင် သကြားအနည်းငယ်၊ ယိုးဒယားငံပြာရည် ၊ ဟင်းချိုမှုန့်ထည့်ပါ။ သံပုရာသီး (၂) လုံးညှစ်ထည့်ထားပါ။

ပွက်နေတဲ့ဟင်းအိုးထဲကို ခပ်ထည့်ပါ။ ကြက်သွန်နီနှစ်လုံးကိုလည်း လေးခြမ်းစိတ်ပြီးဟင်းအိုးထဲထည့်ပြီး ဟင်းအိုးပွက်အောင်တည်ပါ။ ပြီးရင် ရှမ်းနံနံထည့်၊ အရသာမြည်းပြီးရင် စားသုံးလို့ရပါပြီ။

ငါးခေါင်းချဉ်ရည်

ငါးခေါင်းချဉ်ရည်ကို ကိုယ့်အိမ်မှာကိုယ် ချက်စားမယ်ဆိုရင် ငါးကြင်း ၊ ငါးမြင်း ၊ ငါးတန်ခေါင်းတွေနဲ့

ချက်စားလို့ရပါတယ်။ အခုပြောပြပေးမှာက စားလို့လည်းအရသာရှိတဲ့ငါးကြင်းခေါင်းနဲ့ ချက်တဲ့ ချဉ်ရည်ဖြစ်ပါတယ်။

ငါးခေါင်းချဉ်ရည် ချက်နည်း

ငါးကြင်းခေါင်းသေးရင်ဒီအတိုင်းချက်ပါမယ်။ ကြီးရင်တော့ အလယ်ကထက်ခြမ်းပိုင်းပါတယ်။ ပြီးရင် ရေစင်စင်ဆေးထားပါ။ အိုးထဲကို ဆီနည်းနည်းထည့်ပြီး ပူလာရင် နနွင်းမှုန့်ထည့်ပါ။ ပြီးရင် စပါးလင်အရင်းပိုင်း စွေစွေလေးလှီးပြီး ထည့်ပါ။ ငရုတ်သီး၊ ဂျင်း၊ ကြက်သွန်ဖြူ + နီ ထောင်းထားတာထည့်ပြီး မွှေးလာတဲ့အထိဆီသတ်ပြီး ငါးခေါင်းတွေထည့်ပါ။ အဲဒီနောက်

ငံပြာရည်၊ ဆားတို့ကို အရသာသင့်ရုံထည့်ပြီး အသာအယာမွှေလိုက်ရမှာဖြစ်ပါတယ်။ ရေနည်းနည်းထည့်တည်ပြီး ငါးခေါင်းတွေကို ဆယ်ထားပါ ။

ကျန်တဲ့အိုးထဲကို မုန်လာဥနီ၊ မျှစ်၊ ငုံးဥပြုတ်တို့ကိုထည့်မွှေပါ။

ပြီးရင် ရေထည့်ပြီး အသီးအရွက်နူးအောင်တည်လိုက်ပါ။ အသီးအရွက်နူးခါနီးမှာ ပဲပြားကိုအတုံးလေးတွေလှီးထည့်ပြီး အချဉ်အတွက် မန်ကျည်းသီးမှည့်ဖြစ်စေ၊ သံပုရာရည်ဖြစ်စေထည့်လို့ရပါတယ်။ ဒီမှာတော့ အရောင်လှဖို့အတွက် တုံယမ်းအခဲပဲ ထည့်လိုက်ပါတယ်။

အရသာမြည်းလို့ အနေတော်ရင် ငါးခေါင်းတွေထည့်လိုက်လို့ရပါပြီ။ ငါးခေါင်းနူပြီး အနေတော်ဖြစ်သွားရင် ပင်စိမ်းရွက်လေးအုပ်ပြီးတာနဲ့ စားဖို့ အဆင်သင့်ဖြစ်ပါပြီနော်။

Photos and ref: စားကြမယ်၊ချက်ကြမယ်
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top